တတိယတန်းနှင့် ဆဌမတန်းသင်ရိုးသစ်အတွက် ဇန်န၀ါရီ ၇ ရက်မှစကာ ဗဟိုအဆင့်သင်ပြနည်း သင်တန်းပေးမည်

တတိယတန်းနှင့် ဆဌမတန်းသင်ရိုးသစ်အတွက် ဇန်န၀ါရီ ၇ ရက်မှစကာ ဗဟိုအဆင့်သင်ပြနည်း သင်တန်းပေးမည်

လာမည့် ပညာသင်နှစ်တွင် ပြောင်းလဲမည့် တတိယတန်းနှင့် ဆဌမတန်းသင်ရိုးသစ်အတွက် ဇန်န၀ါရီ ၇ ရက်မှစ၍ ဗဟို အဆင့် သင်ပြနည်းသင်တန်းပေးမည် ဖြစ်သည်။

တတိယတန်းနှင့် ဆဌမတန်းသင်ရိုးသစ်ကို သင်ကြားမည့် ဆရာ၊ ဆရာမများကို ဆင့်ပွားသင်တန်းများ ပို့ချရန် ဗဟိုအဆင့် သင်ပြနည်းသင်တန်းများပို့ချရန် ဗဟိုအဆင့် သင်ပြနည်းသင်တန်းကို ဦးစွာဖွင့်လှစ် ခြင်းဖြစ်သည်။

ဗဟိုအဆင့်တွင် ပညာရေးကောလိပ် ဆရာ၊ ဆရာမများကို သုံးကြိမ်ခွဲကာ သင်တန်းပေးမည် ဖြစ်သည်။

"ဗဟိုအဆင့် သင်တန်းက ပညာရေးကောလိပ်တွေပါလိမ့်မယ်၊ သူတို့က ဗဟိုအဆင့်မှာတက်ပြီးရင် နောက်အဆင့်တွေမှာ သင်တန်းပြန်ပေးရမှာ၊ ဇွန်မတိုင်ခင်မှာ Grade-3 အတွက် မူလတန်းပြ ဆရာ၊ ဆရာမအားလုံး၊ Grade-6 အတွက် အလယ်တန်းပြ ဆရာ၊ ဆရာမအားလုံး သင်တန်းပေးပြီးသားဖြစ်အောင်လုပ်ရမှာ" ဟု အခြေခံပညာဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

ဗဟိုအဆင့်သင်ပြနည်းသင်တန်းကို ဇန်န၀ါရီ ၇ ရက်ကစကာ တစ်ကြိမ်လျှင် သင်တန်းငါးရက်နှုန်းဖြင့် သုံးကြိမ်ခွဲကာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့် အုပ်ချုပ်မှုသင်တန်းကျောင်းတွင် ဖွင့်လှစ်မည် ဖြစ်သည်။

ဗဟိုအဆင့်ပြီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်၊ သင်တန်းများ ဆက်ဖွင့်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သင်တန်းများကို မေလ ၆ ရက်တွင် ဖွင့်လှစ်ရန် လျာထားသည်။

ထိုသင်တန်းအဆင့်များတွင် အခြေခံပညာကျောင်းများတွင် လက်တွေ့သင်ကျောင်းများတွင် လက်တွေ့သင်ကြားမည့် မူလတန်းပြ၊ အလယ်တန်းပြဆရာ၊ ဆရာမများအားလုံးကို ပို့ချရန် စီစဉ်ထားသည်။

အခြေခံပညာအတန်းများကို တစ်နှစ်တစ်တန်းနှုန်းသင်ရိုးညွှန်တမ်းသစ်များဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကစတင် သင်ကြားနေပြီး တတိယတန်းနှင့် ဆဌမတန်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြားမည် ဖြစ်သည်။

လာမည့်ပညာသင်နှစ်တွင် ပြောင်းလဲသင်ကြားမည့် ဆဌမတန်းသင်ရိုးတွင် လက်ရှိပဉ္စမတန်း (Grade-5) သင်ရိုးဟောင်းများ ၇၀ ရာခိုင်နှုန်း ပြန်လည်တည်ဆောင်သွင်းထားပြီး ၃၀ ရာခိုင်နှုန်း သည် သင်ခန်းစာ အသစ်များဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောထားသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်က စတင်သည့် ပထမတန်းသင်ရိုးသစ်တွင် သင်ကြားမည့် ဆရာ၊ ဆရာမ ၅၀,၀၀၀ ခန့်ကိုသာ နည်းပြသင်တန်းများ ပေးခဲ့ရာ ရာထူးတိုးနှင့် အပြောင်းအရွှေ့များ ဆောင်ရွက်ပြီးချိန်တွင် သင်တန်းပေးထားသော ဆရာ၊ ဆရာမများ ပြောင်းရွှေ့ခဲ့သည်။

ထို့ကြောင့် ယခု ၂၀၁၈-၁၉ ပညာသင်နှစ်တွင် စတင်သည့် ဒုတိယတန်းသင်ရိုးသစ်အတွက် မူလတန်းပြ ဆရာ၊ ဆရာမအားလုံးကို သင်ပြနည်းသင်တန်းပေးခဲ့သည်။

source: 7day news

News Read 2135 times