လေးတန်း၊ ရှစ်တန်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းများ မပေါက်ကြားစေရန် ရဲစခန်းများတွင် ထားရှိမည်

လေးတန်း၊ ရှစ်တန်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းများ မပေါက်ကြားစေရန် ရဲစခန်းများတွင် ထားရှိမည်

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် အခြေခံပညာအတန်းများဖြစ်သော စတုတ္ထတန်း၊ အဌမတန်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ကျင်းပတော့မည်ဖြစ်ရာ ယခင်နှစ်ကဲ့သို့ မေးခွန်းပေါက်ကြားမှုများ မရှိစေရန်အတွက် အခြေခံပညာဦးစီးဌာနအနေဖြင့် လုံခြုံရေးအဆင့်လေးခုထားပြီး ဆောင်ရွက်ထားမည် ဖြစ်ပါတယ်။

ပထမအဆင့်အနေနဲ့အရင်နှစ်က မေးခွန်းထည့်တဲ့အိတ်က ဖောက်လို့လွယ်တဲ့ပုံစံဖြစ်သွားတော့ ဒီနှစ်မေးခွန်းထည့်တဲ့အိတ်ကို ပေးရုံတင်မဟုတ်ပဲ မေးခွန်းအိတ်ထည့်တဲ့သော့နှစ်လုံးခတ် သေတ္တာအသေးတွေကို စာစစ်ဌာနဖွင့်ထားတဲ့ ကျောင်းတိုင်းကို ပေးထားပြီးပြီ။

နောက်တစ်ဆင့် မေးခွန်းတွေကို အလျဉ်းသင့်သလို မထားတော့ဘဲ ကျောင်းတွေမှာ မေးခွန်းထည့်တဲ့ ၅ ပေ၊ ၈ ပေရှိတဲ့ အခန်းငယ်လေးတွေကို ဆောက်ပေးထားပါတယ်။

နောက်တစ်ခုက အဌမတန်းနဲ့ ဆယ်တန်းမေးခွန်းတွေကို ရဲကင်းနဲ့ပဲ မဟုတ်တော့ဘဲ ရဲစခန်းတွေရဲ့ သတ်မှတ်နေရာမှာထားဖို့ ဆောင်ရွက်ထားပါတယ်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၀ ရက်အတွင်း ကျင်းပခဲ့သော စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲ မေးခွန်းများအချိန်မတိုင်မီ ပေါက်ကြားမှုများရှိခဲ့ပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ ကျောင်းအုပ်လေးဦးကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရပါသည်။

အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများကို တိုင်းဒေသကြီး၊ ခရိုင်မှ စစ်ဆေးသော ပုံစံကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ကျင့်သုံးခဲ့ပြီး ယခင်နှစ်ကအထိ အဌမတန်းကို တိုင်းဒေသကြီး၊ ပြည်နယ်မှ ထုတ်ဝေသော မေးခွန်း ၁၇ စုံဖြင့် စစ်ဆေးပြီး စတုတ္ထတန်းကို ခရိုင်အလိုက် ပြုစုသောမေးခွန်းများဖြင့် မေးမြန်းခဲ့ကြောင်း သိရသည်။

Source: democracy today

News Read 11100 times