နဝမတန်း ပြင်ပဖြေစာမေးပွဲများ မေလ ၂ ရက်မှ ၁၀ ရက်အတွင်း ကျင်းပမည်

နဝမတန်း ပြင်ပဖြေစာမေးပွဲများ မေလ ၂ ရက်မှ ၁၀ ရက်အတွင်း ကျင်းပမည်

အဋ္ဌမတန်းအောင်မြင်ပြီး ကျောင်းဆက်မတက်နိုင်သူများနှင့် နဝမတန်းကျထားသူများအတွက် နဝမတန်းပြင်ပဖြေစာမေးပွဲကို မေလ ၂ ရက်မှ ၁၀ ရက်အတွင်း ကျင်းပမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက ကြေညာသည်။

ကျောင်းထွက်ပြီး အစိုးရလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နေသူများ၊ ရဲတပ်ဖွဲ့ (သို့မဟုတ်) တပ်မတော်တွင် အမှုထမ်းနေသူများ၊ အကြောင်းအမျိုးမျိုးဖြင့် ကျောင်း ပြင်ပရောက်နေသည့် ကျောင်းသားများသည် နောက်ဆုံးတက်ရောက်ခဲ့သည့်ကျောင်း၏ ကျောင်းထွက်လက်မှတ် မူရင်းနှင့် မိတ္တူသုံးစောင်၊ လိုင်စင်ဓာတ်ပုံနှစ်ပုံဖြင့် နဝမတန်း (ပြင်ပဖြေ) စာမေးပွဲဖြေဆိုခွင့်ကို မြို့နယ် ပညာရေး မှူး ရုံးများ၌ လျှောက်ထားနိုင်သည်။

ထိုစာမေးပွဲအတွက် မေးခွန်းထုတ်ခြင်း၊ အဖြေလွှာစစ်ဆေးခြင်းကို ခရိုင်ပညာရေးမှူးရုံးများက ဆောင်ရွက်ရန်နှင့် စာမေးပွဲ ဖြေဆိုမည့်သူ စာရင်းကောက် ခြင်း၊ စာမေးပွဲကျင်းပခြင်းကို မြို့နယ်ပညာရေး မှူးရုံးက ဆောင်ရွက်ရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ညွှန်ကြားထားသည်။

‘‘ကိုးတန်းပြင်ပဖြေက နှစ် တိုင်းရှိတယ်။ မေလ ၂ ရက်မှ ၁၀ ရက်အတွင်း လုပ်ဖို့ပြောထားတယ်။ ဖြေချင်တဲ့သူက ရှစ်တန်းအောင်ရင် မြို့နယ်ပညာရေးမှူးရုံးတွေမှာ သွားအကြောင်းကြား ပေါ့’’ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုး ညွန့်က ပြောသည်။

နဝမတန်း ပြင်ပဖြေမည့်သူ များသည် အဋ္ဌမတန်းအောင်မြင် ရမည်ဖြစ်ပြီး ဖြေဆိုလိုသည့်ဒေသရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်စာရင်းပေးရမည်ဖြစ်သည်။

မေလ ၂၃ ရက်တွင် ပြင်ပဖြေစာမေးပွဲအောင်စာရင်း ကြေညာမည် ဖြစ်သည်။

‘‘ကိုးတန်းအပြင်ဖြေက ဖြေ တဲ့သူတော့ ရှိတယ်။ ဖြေမယ့် ကျောင်းသားရှိတဲ့ မြို့နယ်အ တွက်ပဲ စာမေးပွဲလုပ်ပေးရတာ’’ ဟု ရန်ကုန်တိုင်းဒေသကြီး ခရိုင် ပညာရေးမှူးတစ်ဦးက ဆိုသည်။

ကျောင်းထွက်နှုန်း လျော့နည်းစေရန်၊ ကျောင်းနေနှုန်းမြင့်လာစေရန် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းကြောင့် ကျောင်းပြင်ပရောက်နေပါက ကျောင်းပြန်တက်နိုင်မည့် အခွင့်အရေးအဖြစ် ပြင်ပဖြေဆိုခွင့်ပြုသည့် အစီအစဉ် ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ခွင့်ပြုခြင်းဖြစ်သည်။

နဝမတန်း ပြင်ပဖြေစာမေးပွဲ အောင်မြင်ပါက တက္ကသိုလ်ဝင်တန်းကို အခြေခံပညာကျောင်းများတွင် ပြန်လည်တက်ရောက်နိုင်သည်။

နဝမတန်း (ပြင်ပဖြေ) စာမေးပွဲများကို ၁၉၉၉-၂၀၀၀ ပညာသင်နှစ်ကစတင်ကာ နှစ်စဉ်မေလအတွင်း ကျင်းပခဲ့သည်။

source: 7day

News Read 2447 times