စာမေးပွဲများအတွက် ကျောင်းသားများထံမှ အခကြေးငွေများ ကောက်ခံခြင်းမပြုလုပ်ရန် ညွှန်ကြားထား

စာမေးပွဲများအတွက် ကျောင်းသားများထံမှ အခကြေးငွေများ ကောက်ခံခြင်းမပြုလုပ်ရန် ညွှန်ကြားထား

ယခုပညာသင်နှစ်၏ အခြေခံပညာအတန်းအသီးသီး၏ ပထမနှစ်ဝက်စာမေးပွဲများကို ယခုလကုန်ပိုင်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကျင်းပတော့မည်ဖြစ်သည်။

မိမိတို့ ကျောင်းအလိုက် မေးမြန်းမည့်မေးခွန်းများ မှန်ကန်တိကျရေးနှင့် လုံခြုံမှုရှိစေရန် အဆင့်ဆင့်တာဝန်ယူဆောင်ရွက် သွားရမည်ဖြစ်သည်။

ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများသည် ကျောင်းအုပ်ကြီးများအား ညွှန်ကြားချက်အတိုင်း စာမေးပွဲစစ်ဆေးရန်နှင့် ကျောင်းသား၊ ကျောင်းသူများထံမှ စာမေးပွဲ စစ်ဆေးခြင်းများအတွက် ငွေကြေး (လုံးဝ) မကောက်ခံရန် ကြီးကြပ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားထားကြောင်း သိရသည်။

READ - မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) ပထမနှစ်သင်တန်းသား လျှောက်လွှာခေါ်ယူခြင်းနှင့် ၀င်ခွင့်ပုံစံ သတ်မှတ်ချက်များ

ပထမနှစ်ဝက်စာမေးပွဲတွင် မိမိတို့ကျောင်းအလိုက် ပြုစုသော မေးခွန်းများဖြင့် စစ်ဆေးသွားရမည်ဖြစ်ပြီး ကျောင်းအုပ်ကြီးများသည် စာမေးပွဲအဖွဲ့ဖြင့် မေးခွန်းအမှတ်ပေးစည်းမျဉ်းများကို သတ်မှတ်ပုံစံအတိုင်း ပြုစုသွားရမည် ဖြစ်သည်။

ဒုတိယတန်းအတွက် သြဂုတ်လနှင့် စက်တင်ဘာလ သင်ခန်းစာများကို အခြေခံ၍ လပတ်ပုံစံဖြင့် ၂၅ မှတ်ဖိုး စာသင်ချိန်တစ်ချိန်စာဖြင့် မိနစ် ၃၀ စာ စစ်ဆေးသွားရမည် ဖြစ်သည်။

“ပထမတန်းနဲ့သူငယ်တန်းက စာမေးပွဲမလုပ်ပါဘူး။ အဲဒီအတန်းတွေကို စာမေးပွဲလုပ်ပြီး ငွေးကြေးကောက်ခံလို့လည်း မရပါဘူး” ဟု ပြောကြားသည်။

ပထမနှစ်ဝက် စာမေးပွဲတွင် အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းမေးခွန်းများကို အဌမတန်းအတွက် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံး၊ စတုတ္ထတန်းအတွက် ခရိုင်ပညာရေးမှူးရုံးများမှ မေးခွန်းထုတ်နေရာ အခြား အတန်းများ၏ မေးခွန်းများကိုလည်း အဆိုပါ ပညာရေးမှူးရုံးများ၏ မေးခွန်းပုံစံများအတိုင်း ထုတ်နှုတ်မေးမြန်းမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ပထမနှစ်ဝက် စာမေးပွဲများပြီးဆုံးပါက အခြေခံပညာကျောင်းများကို တစ်ပတ်ခန့်ပိတ်မည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 3177 times