ပညာရေးတွင် အလွတ်ကျက်ပြီးမှ အမှတ်ရသည့် စနစ်သည်ကို ပြောင်းရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား

ပညာရေးတွင် အလွတ်ကျက်ပြီးမှ အမှတ်ရသည့် စနစ်သည်ကို ပြောင်းရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား

သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ပြုလုပ်သော လူငယ်များနှင့် စာပေ စကားဝိုင်း အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

`အလွတ်ကျက်တယ်ဆိုတာလည်း ဒီစနစ်ကိုလည်း ပြောင်းရမယ်။ အလွတ်ကျက်ပြီးမှ အမှတ်ရတဲ့ စနစ်ကိုတော့ ပြောင်းရမယ်။ ကိုယ့်အတွေးအခေါ် ကိုယ်သုံးပိုင်ခွင့်ပေးတဲ့ စနစ်မျိုးကိုတော့ ပြုစုပျိုးထောင်ရမယ်` ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ပညာရေးစနစ်တွင် ရမှတ်နှင့်ပတ်သက်ပြီး ကျောင်းသားအချင်းချင်း ပြိုင်ကြသလို မိဘများကလည်း ပြိုင်ကြကြောင်း၊ ယင်းကိစ္စများသည် ပညာအရေးစနစ်အတွက် ဘာမှ အထောက်အကူ မဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံက သုံးသပ်ပြောကြားသည်။

`အရင်တုန်းကဆိုရင် အမှတ် ဘယ်လောက်ရလို့ရှိရင် ဆေးကျာင်း သွားလို့ရတယ်။ နောက်ဘယ်လောက် ရလို့ရှိရင် YIT သွားလို့ရတယ် စသည်ဖြင့် သတ်မှတ်ထားကြတယ်။ အဲတော့ ဒီအမှတ်ကိုလည်း ပြိုင်ကြတယ်။ သူက ၅ မှတ်ပိုရတယ်၊ သူက ၃ မှတ်ပိုရတယ်စသည်ဖြင့် ကလေးတွေက ပြိုင်ရုံနဲ့မကသေးဘူး မိဘတွေကလည်း လိုက်ပြိုင်ကြတယ်။ အဲဒီတော့ အဲဒီဟာတွေဟာ ကျွန်မတို့ရဲ့ ပညာရေးစနစ်အတွက် ဘာမှ အထောက်အကူမဖြစ်ဘူး` ဟု ဆိုသည်။

ဆက်လက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပညာရေး စနစ်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး `ကျွန်မတို့ အခု grading နဲ့သွားချင်တယ်။ grading ဆိုတာ A,B,C ပေါ့နော်၊ A+ A- တို့ဘာတို့ လည်း လုပ်လို့ရတာပေါ့။ B+ B- ။

ဒါပေမယ့် စိတ်ဝင်စားစရာကောင်း တာက အဲဒါကို နည်းနည်း လေ့လာပြီး သုံးသပ်လိုက်တဲ့အခါကျတော့ မိဘတွေက ဒီစနစ်ပြောင်းတာကို ကျောင်းသူ ကျောင်းသားတွေလောက် မကြိုက်ဘူး။ ကျောင်းသူ ကျောင်းသားတွေက ကြိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့အပေါ်မှာ pressure ပိုနည်းသွားတယ်။

အမှတ်ကလေးပိုများဖို့ သူထက်ပိုများဖို့ ကိုယ်ထက်ပိုများဖို့ အဲဒီဟာကို ဖိအားပေးမှုက ပိုနည်းသွားတဲ့ အခါကျတော့ ကလေးတွေက သဘောကျတဲ့ဘက်မှာ များတယ်။ မကြိုက်တာ မိဘတွေက မကြိုက်ဘူး။

အဲဒါနဲ့ ကျွန်မမေးကြည့်တယ်၊ မိဘတွေက ဘာဖြစ်လို့ မကြိုက်ကြ တာလည်း ကလေးတွေထက်စာရင်၊ မိဘတွေကလည်း သူတို့ ကလေးတွေပေါ်မှာ ဖိအား ပိုနည်းသွားတော့ စိတ်မချမ်းသာဘူးလား။ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မိဘတွေက ပြိုင်ချင်တဲ့ စိတ်ရှိတယ်။

နောက်ပြီးတော့လည်း သူတို့ ကျူရှင်ဆရာမက ကောင်းကောင်း အလုပ်လုပ်နေလားသိဖို့က အမှတ် ဘယ်လောက်များများ ရလဲဆိုတာ သူတို့ကြည့်သေးတာကို။ အဲတော့ မိဘတွေ ကိုယ်တိုင်ကလည်း ဒီပြုပြင် ပြောင်းလဲမှုထဲမှာ စိတ်ပါဝင်စားစွာနဲ့ပါဝင်မှ လုပ်လို့ရမှာ။ ဆရာ၊ ဆရာမတွေနဲ့ မပြီးဘူး` ဟု ပြောကြားသည်။
 
စာဖတ်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရသစာပေးကို ဖတ်ကြရန် တိုက်တွန်းပြီး ရသစာပေဖတ်ခြင်းဖြင့် ခေတ်စနစ်တစ်ခု၏ လူမှုရေးနှင့် နိုင်ငံရေးအခြေအနေများကို သိရှိနိုင်သည်ဟုလည်း ဆိုပါသည်။ ထို့ပြင် အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံအတွင်း၌ ကလေးသူငယ်များအတွက် စာကြည့်တိုက် အလုံအလောက် မရှိကြောင်းကို ပြောဆိုသွားသည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ပြုလုပ်ခဲ့သော လူငယ်များနှင့် စာပေစကားဝိုင်း မတိုင်ခင်တွင်ငြိမ်းချမ်းရေးနှင့် ဒေသခံပြည်သူများ စကားဝိုင်းများကို နေပြည်တော်တွင် နှစ်ကြိမ်၊ ရှမ်းပြည်နယ် ပင်လုံမြို့၊  မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ကျးရွာ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ပခုက္ကူမြို့နယ် ချေက်ကန်ကျေးရွာတို့တွင် တစ်ကြိမ်စီ ပြုလုပ်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: အောင်ရဲနောင် (The Ladies News)

News Read 1891 times