၂၀၁၉ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ယခုရက်ပိုင်းအတွင်း ခေါ်သည်

၂၀၁၉ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ယခုရက်ပိုင်းအတွင်း ခေါ်သည်

၂၀၁၉ခုနှစ်အတွက် လုပ်ငန်းခွင်အကြို မူလ တန်းဆရာအတတ်ပညာ ဒီပလိုမာသင်တန်းကို ယခုရက်ပိုင်း အတွင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးကောလိပ် ၂၄ ကျောင်းတွင် ၂၀၁၉ခုနှစ် ဧပြီလ၌ စတင် ဖွင့်လှစ်မည့်လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာဒီပလိုမာ သင်တန်း(PPTT)ကို ယခုရက်ပိုင်းထဲတွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် စတင်ခေါ်ယူမည်ဖြစ်ပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် သင်တန်း လျှောက်ထားခြင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးအလိုက် လှစ်ထားသော ပညာရေးကောလိပ်များတွင် လျှောက်ထားနိုင်မည်ဖြစ်သည်။

ယခင်က ယင်းသင်တန်းကို ဇူလိုင်လတွင် သင်တန်းစတင် ဖွင့်လှစ်လေ့ရှိသော်လည်း ၂၀၁၈ ခုနှစ် မှ စတင်ပြီး ဧပြီလတွင် သင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

“ဝန်ကြီးရုံးကခွင့်ပြုချက်တော့ကျပြီ။ အီးစီကိုလည်း ဖြတ်ပြီးပြီ။ သတင်းစာထဲမှာထည့်ဖို့ လုပ်နေတယ်။ သတင်းစာထဲမှာ ထည့်ရင် ရွေး ချယ်ရေးမူပါ တစ်ခါတည်းပါမှာပါ”ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) ကို မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဘာသာရပ် အသီးသီး၏ဘွဲ့ရရှိသူများ အားလုံးအတွက် ခေါ်ယူနိုင်ခြင်းမရှိဘဲ မြန်မာ စာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း အစရှိသည့် ဘာသာ ၁၀ ခုကိုသာ အဓိက ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလမှာ လေးလနှင့်လက်တွေ့တန်းပြ နှစ်လစုစုပေါင်း ခြောက်လ တက်ရောက်ရမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက မူလတန်းဆရာအဖြစ် ခန့်အပ်ခြင်းခံရမည်ဖြစ်သည်။

source: democracy

News Read 14810 times