ဘူးသီးတောင်၊ မောင်တော အခြေခံပညာကျောင်းများတွင် အစ္စလာမ်ဘာသာဝင် ဘွဲ့ရများလည်း အကူနေ့စားလပေး ဆရာ၊ ဆရာမများအဖြစ် ခန့်ထားသွားမည်

ဘူးသီးတောင်၊ မောင်တော အခြေခံပညာကျောင်းများတွင် အစ္စလာမ်ဘာသာဝင် ဘွဲ့ရများလည်း အကူနေ့စားလပေး ဆရာ၊ ဆရာမများအဖြစ် ခန့်ထားသွားမည်

ဘူးသီးတောင်နှင့် မောင်တောဒေသများရှိ အခြေခံပညာကျောင်းများတွင် အစ္စလာမ်ဘာသာဝင်ဘွဲ့ရများကိုလည်း သင်ကြားရေးအကူ နေ့စားလပေးဆရာ၊ ဆရာမများအဖြစ် ခန့်ထားရန် စာရင်းများကောက်ယူလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်တို့ရှိ အစ္စလာမ်ဘာသာဝင်ကျေးရွာများတွင် အစ္စလာမ်ဘာသာဝင် လူငယ်များကိုလည်း အမှန်တကယ် ခန့်အပ်လိုသော ကျောင်းများတွင် ဦးစားပေးအနေဖြင့် နေ့စားလပေးအဖြစ် ခန့်ထားနိုင်ရေးအတွက် ဘွဲ့ရ၊ ဆယ်တန်းအောင် စသည်ဖြင့် ဦးစားပေးအလိုက်စိစစ်စာရင်း ကောက်ယူ၍ အခြေခံပညာဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း ယင်းတို့ကို ခန့်ထားခွင့်ပြုသည့် အချိန်တွင် ခန့်ထားသွားမည်ဖြစ်ကြောင်း ပညာရေးမှူးရုံးမှ သိရသည်။

"လောလောဆည်တော့ မခန့်သေးဘူး။ သူတို့ကို ခန့်ထားဖို့အတွက် စဉ်းစားတော့ ခန့်ထားမယ့် အချိန်ရောက်ရင် ချက်ချင်းခန့်နိုင်အောင် စာရင်းကောက်နေတာ။ ဘယ်အချိန်စခန့်မယ်၊ ဘယ်နေရာတွေ ခန့်မယ်ဆိုတာတော့ မသိရသေးဘူး"ဟု မောင်တောမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူးဦးလှိုင်ဝင်းက စက်တင်ဘာ ၁၃ ရက်တွင်ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ဘူးသီးတောင်နှင့် မောင်တော ဒေသများတွင် ဘွဲ့ရ၊ ဆယ်တန်းအောင်နှင့် ကိုးတန်းအောင်လူငယ် ၂၂၁ ဦးရှိပြီး ၂၁၃ ဦး၏ အချက်အလက်များကို စိစစ်ရရှိထားသည်။

အဆိုပါလူငယ် ၂၁၃ ဦးကို ပညာရေးဝန်ထမ်းများအဖြစ် ခန့်ထားမည်ဆိုပါက အမှန်တကယ်လိုအပ်သော အခြေခံပညာကျောင်းများတွင် ဒေသခံဖြစ်တည်မှု၊ ပညာအရည်အချင်းတို့ကို စိစစ်၍ နေ့စားလပေး သင်ကြားရေး အကူဆရာ၊ ဆရာမများအဖြစ် ခန့်ထားပေးနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနကိုလည်း တင်ပြထားကြောင်းသိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 1821 times