ပြည်ပတက္ကသိုလ် ရွေးချယ်တဲ့အခါ ဘယ်အချက်တွေကို ထည့်စဉ်းစားမလဲ?

 

အထက်တန်းအောင်မြင်ပြီးလို့  ပြည်ပမှာ ကျောင်းသွားတက်ချင်တာပဲဖြစ်ဖြစ်၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်ဖို့အတွက်   ပြည်ပမှာ   ပညာဆက်သင်ချင်တာပဲဖြစ်ဖြစ်၊ ထူးချွန်သူတို့အတွက် ပညာတော်သင်ဆု လျှောက်ချင်တာပဲဖြစ်ဖြစ် ဘယ်တက္ကသိုလ်ကို ရွေးရမှန်းမသိ ဖြစ်နေပါသလား။

 

တက္ကသိုလ်အရွေးမှားတဲ့အခါ ငွေလည်းကုန်၊ အချိန်လည်းကုန်၊ လူလည်းပင်ပန်းပြီး မျှော်လင့်ထားတဲ့ အိပ်မက်ကို အကော်အထည်မဖော်နိုင်မှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို ကြည့်ပြီး ဘယ်ကျောင်းက ကိုယ့်အတွက် အဆင်ပြေမလဲဆိုတာကို ရွေးချယ်ဆုံးဖြတ်ရာမှာ အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။ 

 

၁။ ဘာသာရပ်ရွေးချယ်ပါ။

ကိုယ်တက်ရောက်ချင်တဲ့ ဘာသာရပ်ကို ကိုယ့်ရဲ့ အားသာချက်၊ စိတ်ဝင်စားမှု၊ ထူးချွန်မှု ဒါတွေအပေါ် အဓိက အခြေခံထားပြီး ရွေးချယ်ပါ။ တက္ကသိုလ်အများစုမှာ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အလိုက် အားသာချက် ကိုယ်စီရှိကြပါတယ်။ ဒါကြောင့် တက်ရောက်မယ့် တက္ကသိုလ်ကို မရွေးခင် ကိုယ်တက်ချင်တဲ့ ဘာသာရပ်ကို အရင် ရွေးခိုင်းတာပါ။

ကိုယ်ရွေးချယ်ထားတဲ့ တက္ကသိုလ်မှာ ကိုယ်တက်ချင်တဲ့ ဘာသာရပ် ရှိ/မရှိ သေချာစုံစမ်းလေ့လာပါ။ ကိုယ်တက်ချင်တဲ့ ဘာသာရပ်ကို အနည်းဆုံး (၃) ခုလောက် စဉ်းစားရွေးချယ်ထားပါ။ တစ်ခုမရခဲ့သည်ရှိသော် နောက်တစ်ခု ရွေးချယ်ဖို့ ရှိနေခြင်းက အဆင်ပြေစေပါတယ်။

 

၂။ တက္ကသိုလ်ရွေးချယ်ပါ။

ဘာသာရပ်ရွေးပြီးမှ တက္ကသိုလ်ရွေးခိုင်းတာက တချို့တက္ကသိုလ်တွေက Overall Ranking သိပ်မကောင်းပေမဲ့ အထူးပြုဘာသာရပ်အပေါ် မူတည်ပြီး Ranking ပေးရင် ထိပ်ရောက်နေတဲ့ တက္ကသိုလ်မျိုးတွေ ရှိလို့ပါ။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်မှာ ကိုယ်ရွေးချယ်ထားတဲ့ ဘာသာရပ် သင်/မသင်၊ သင်ရိုးကောင်း/မကောင်း၊ ကျောင်းအရွယ်အစား၊ ကျောင်းရဲ့ ဝန်ဆောင်မှု၊ ကျောင်းပတ်ဝန်းကျင် အနေအထား၊ တက်ရောက်ရမယ့်နှစ်အရေအတွက်၊ ကျောင်းတစ်ဖက်တက်ရင်း အလုပ်လုပ်ခွင့် ရ/မရ၊ ပညာသင်ဆုလျှောက်ခွင့် ပေး/မပေး စတာတွေကို မေးမြန်းစုံစမ်းသင့်ပါတယ်။

 

၃။ နေထိုင်လိုသည့် နေရာကို ရွေးချယ်ပါ။

ကျောင်းတက်ရင် ဘယ်နေရာမှာ နေရမလဲဆိုတာလည်း ခေါင်းစားရတဲ့ အချက်ပါ။ တချို့ဆို ရွေးချယ်စရာ တက္ကသိုလ်၊ ကောလိပ်များစွာ ရှိတဲ့ထဲက ကိုယ်နေထိုင်လိုတဲ့ နေရာနဲ့ ချိန်ပြီး ကျောင်းကို ရွေးလိုက်တာမျိုးလည်း ရှိပါတယ်။

အိမ်ကို ကျောင်းနဲ့ အနီးအနားမှာ လိုချင်တာလား၊ သူငယ်ချင်းတွေနဲ့ အတူပြန်ရမှာမို့ ဝေးတာကို ကြိုက်တာလား၊ အချက်အချာကျတဲ့ မြို့ထဲမှာ နေချင်တာလား၊ တိတ်ဆိတ်အေးချမ်းတဲ့ ကျေးလက်ဆန်ဆန် နေရာမျိုးကို ကြိုက်တာလား စတဲ့ မေးခွန်းတွေကို အခြေခံပြီး စဉ်းစားသင့်ပါတယ်။

 

၄။ ကျောင်းသဘာဝကို လေ့လာပါ။ 

သင့်ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ အတွေ့အကြုံဟာ ဘယ်လိုရှိမလဲဆိုတာကို စိတ်ကူးယဉ်ကြည့်ဖူးပါသလား။ ကိုယ်ရွေးချယ်မယ့် ကျောင်းရဲ့  ယဥ်ကျေးမှု၊ ဘယ်လို ပွဲတော်နဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်လဲ၊ ဘယ်လိုကလပ်တွေ ထောင်ထားလဲ၊ သေချာလေ့လာပါ။

ပညာရှာတဲ့ နေရာမှာ စာကြိုစားဖို့ အရေးကြီးသလို ပျော်ရွှင်ဖို့ကလည်း အထူးလိုအပ်ပါတယ်။ ကျောင်းသားတွေအတွက် ပျော်ရွှင်စိတ်ကြည်နူးစရာတွေ ဖန်တီးဖို့ကလည်း တက္ကသိုလ်ဘဝမှာ မရှိမဖြစ် ပါကိုပါရမယ့် အရာတစ်ခုပါ။ ဒါကြောင့် ကိုယ်တက်မယ့် တက္ကသိုလ်ရဲ့ Campus Life ကို စုံစမ်းဖို့ကိုလည်း မေ့မထားပါနဲ့။ 

 

၅။ ငွေကြေးကုန်ကျစရိတ်ကို တွက်ချက်ပါ။

သင့်ရဲ့ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ကောင်းမွန်ဖို့အတွက် တက္ကသိုလ်ကောင်းကောင်း ရှာဖွေတဲ့ နေရာမှာ ငွေကြေး ကုန်ကျစရိတ်ကလည်း အရေးတကြီးထည့်သွင်း စဥ်းစားရမယ့် အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

ကိုယ်ရွေးချယ်ထားတဲ့ ကျောင်းရဲ့ ငွေကြေးကုန်ကျစရိတ်ကို သေချာလေ့လာပါ။ ကျောင်းသားချေးငွေ ရှိ/မရှိ၊ ပညာတော်သင်ဆု ရှိ/ မရှိ၊ အရစ်ကျ ငွေပေးချေမှု ရှိ/မရှိ စုံစမ်းပါ။ ကိုယ်တက်ရောက်ရမယ့် နှစ်နဲ့ အချိုးချပြီး ကိုယ့်မှာ ရှိတဲ့ငွေကြေးနဲ့ အံ၀င်ကိုက်ညီမှု ရှိ/မရှိကို သေချာဆုံးဖြတ်နိုင်ပါစေ။ 

 

၆။ အခွင့်အရေးများကို ရှာဖွေပါ။

ကိုယ်တက်ရောက်မယ့် တက္ကသိုလ်က ကျောင်းတက်နေရင်း ဘယ်လို အခွင့်အရေးတွေ ပေးမလဲဆိုတာနဲ့ ကိုယ့်ဘက်က ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ထည့်စဉ်းစားပြီးမှ ရွေးချယ်ပါ။ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေအတွက် ဘယ်လို ပညာတော်သင်ဆုတွေရှိလဲ၊ ဘယ်လို မွမ်းမံသင်တန်းတွေရှိနိုင်လဲ၊ ဘယ်လိုလေ့လာရေးပရိုဂရမ်တွေရှိလဲ၊ အလုပ်သင် အခွင့်အလှမ်းတွေ ရနိုင်မလား ဆိုတာတွေကို စုံစမ်းထားသင့်ပါတယ်။   

 

၇။ လုပ်ငန်းခွင်အတွက် ထည့်တွက်ပါ။

တက္ကသိုလ်ဆိုတာက အနာဂတ်အတွက် အတွေ့အကြုံကောင်းတွေ အများကြီး ရရှိနိုင်တဲ့ နေရာတစ်ခုဖြစ်သလို ကျောင်းတက်ခြင်း ခရီးစဉ်ကြီး ပြီးဆုံးသွားပါကလည်း နောက်ထပ်ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ဖို့အတွက် အဓိကကျတဲ့ နေရာတစ်ခုပါပဲ။

ဒါကြောင့် တက္ကသိုလ် ရွေးချယ်တဲ့အခါမှာ သင့်ရဲ့ အသက်မွေး၀မ်းကြောင်းအတွက် ထည့်သွင်းစဉ်းစားဖို့ လုံး၀ မမေ့ပါနဲ့။ ဒီနေ့ခေတ်မှာ ဘယ်လို အလုပ်အကိုင်မျိုးတွေက လစာပိုကောင်းလဲ၊ ဒီတက္ကသိုလ်မှာ ကျောင်းပြီးရင် အလုပ်ရနိုင်ချေ ဘယ်လောက်ရှိလဲ၊ ဒီတက္ကသိုလ်မှာ ဘယ်လိုအခွင့်အရေးတွေ ရရှိနိုင်လဲ စတာတွေကို သေချာထည့်သွင်း ဆုံးဖြတ်သင့်ပါတယ်။ 

 

၈။ တက္ကသိုလ် တိုက်ရိုက် (သို့) စီနီယာများကို မေးမြန်းပါ။ 

ကိုယ်တက်ရောက်မယ့် တက္ကသိုလ်နဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်တာမျိုးရှိရင် ကိုယ်သွားတက်မယ့် နိုင်ငံမှာ လက်ရှိတက်ရောက်နေတဲ့ သူတွေပဲဖြစ်ဖြစ်၊ တက်ရောက်ပြီးခဲ့တဲ့ စီနီယာများကိုပဲဖြစ်ဖြစ် Social Media Page တွေ၊ Group တွေမှာ မေးမြန်းနိုင်ပါတယ်။

ဒါမှမဟုတ် တက္ကသိုလ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ်မှာ ဝင်ကြည့်တာမျိုး၊ သိချင်တဲ့မေးခွန်းတွေကို အီးမေးလ် တိုက်ရိုက်ပို့ပြီး မေးမြန်းတာမျိုးကလည်း ကိုယ်တက်ရောက်မယ့် တက္ကသိုလ်ရဲ့ အကြောင်းအရာ အချက်အလက်တွေကို သိရှိနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

 
ကိုယ်တက်ရောက်မယ့် ကျောင်းကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ဆိုတာ တကယ်ကို ရှည်လျားတဲ့ လုပ်ငန်းစဥ်တစ်ခုပါပဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပြီး သင်အမှန်တကယ် လျှောက်ထားနိုင်မယ့် လက်တစ်ဆုပ်စာ ကျောင်းစာရင်းကို ရှာဖွေနိုင်ပါတယ်။ နောက်ဆုံးမှာတော့ ကိုယ်အမှန်တကယ် တက်ရောက်ရမယ့် ကျောင်းကို သေသေချာချာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ 

 

University / College Read 1457 times