လူကိုယ်တိုင်လျှောက်ထားသူနှင့်စာတိုက်မှ လျှောက်ထားသူပေါင်း ၄၃၀၀ ခန့်ရှိကြောင်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က စံတော်ချိန်သို့ ပြောဆိုသည်။
ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၇၀၀ လက်ခံသင်ကြားသွားမည်ဖြစ်ပြီး လျှောက်ထားသူမှာ ၄၃၀၀ ခန့် ရှိသောကြောင့် ဝင်ခွင့်လက်ခံမည့်ဦးရေထက်ခြောက်ဆခန့်ပို၍ များနေကြောင်း သိရသည်။
"ကျွန်တော်တို့ဆီ လူကိုယ်တိုင် တိုက်ရိုက်လျှောက်တာ ၄၀၃၁ ဦးရှိတယ်။ ဒါပေမဲ့ စာတိုက်ကိုရောက်နေတဲ့ လျှောက်လွှာက ၂၀၀၊ ၃၀၀လောက်ရှိတယ်။ လူတွေ့ကတော့ အားလုံးကို စစ်ဆေးပြီးတော့ဝင်ခွင့်ရရှိသူကို ကြေညာမှာပေါ့”ဟု ဒေါက်တာကြည်ရွှင်က ပြောဆို သည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဘာသာရပ် ၈ ခု သင်ကြားလျက်ရှိပြီး
ဝင်ခွင့်လက်ခံမည့်ဦးရေ
(၁) တရုတ်ဘာသာ - ၁၀၀ ဦး
(၂) အင်္ဂလိပ်ဘာသာ- ၁၅၀ ဦး
(၃) ပြင်သစ်ဘာသာ - ၁၀၀ ဦး
(၄) ဂျာမန်ဘာသာ - ၁၀၀ ဦး
(၅) ဂျပန်ဘာသာ - ၁၀၀ ဦး
(၆) ကိုရီးယားဘာသာ - ၁၀၀ ဦး
(၇) ရုရှားဘာသာ - ၁၀၀ ဦး
(၈) ထိုင်းဘာသာ - ၅၀ ဦး
စုစုပေါင်း ၇၀၀ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်ခွင့်အတွက် အင်္ဂလိပ်ဘာသာရပ်လျှောက်ထားသူများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ် ၆၅ မှတ်နှင့် အထက်ရှိပြီး စုစုပေါင်းအမှတ်၄၀၀နှင့် အထက်ရှိသူများဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ၀င်ခွင့်ဆုံးဖြတ်ရာတွင် တက္ကသိုလ်ဝင်တန်းရမှတ်နှင့် နှုတ်ဖြေစာမေးပွဲ၏ရမှတ် နှစ်ခုစလုံးကိုပေါင်းစပ်၍ ဆုံးဖြတ်မည်ဖြစ်သည်။
ဝင်ခွင့်ကို ဦးစားပေး ဘာသာရပ်သုံးခုအထိ လျှောက်ထားနိုင်ကြောင်း၊ နှုတ်ဖြေစာမေးပွဲကို ဇူလိုင် ၂၅ ရက်တွင် စတင်ဖြေဆိုရမည်ဖြစ်ပြီး ဘာသာစကားအထုံပါမှုကို ပါဝင်သောမေးခွန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်ခွင့်လက်ခံရာတွင် ပထမဦးစားပေးဘာသာရပ်၏ လက်ခံနိုင်သည့် ဦးရေထက်ကျော်လွန်ပါက ဒုတိယဦးစားပေးနှင့် တတိယဦးစားပေးဘာသာရပ်ကို ဆက်လက်စဉ်းစား ရွေးချယ်မည်ဖြစ်သည်။
ဝင်ခွင့်ရွေးချယ်ခံရခြင်းမရှိပါက တက္ကသိုလ်ဝင်ခွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် အခြားတက္ကသိုလ်များသို့တက်ရောက်သင်ကြားနိုင်ရန် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါအတိုင်း တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့ အဆင့်မြင့်ပညာဦးစီဌာန ရန်ကုန်ရုံးခွဲသို့ တစ်ပြိုင်တည်း လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
တက်ရောက်ခွင့်ရှိသူများသည် စက်တင်ဘာ၁၂ ရက် နောက်ဆုံးထား၍ ကျောင်းဝင်မှတ်ပုံတင်ကြေးပေးသွင်းရမည်ဖြစ်သည်။
အသေးစိတ် သိရှိပါက ၀၁- ၅၃၅၉၈၅ ဒုတိယပါမောက္ခချုပ်၊ (သင်တန်း) ၀၁-၅၁၃၁၉၈၊ သင်တန်းရေးရာ ဌာန ၀၁-၅၁၅၂၃၆သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: စံတော်ချိန်