ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဘာသာရပ် (၁၃) ခုကို အွန်လိုင်းဖြင့် ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်လှစ်ရန် တင်ပြထားသော်လည်း စီးပွားရေးပညာဘာသာရပ်တစ်ခုသာ ဖွင့်လှစ်ခွင့်ရရှိထားရာ အောက်တိုဘာလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် လက်ရှိ အွန်လိုင်းဖြင့်ပို့ချနေသော ဥပဒေသင်တန်းများအပြင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီ၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ စီးပွားရေးပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဇီဝဗေဒ၊ သင်္ချာ၊ ဇီဝဗေဒ၊ ရုက္ခဗေဒ ဘာသာရပ်များကို အွန်လိုင်းဖြင့် ဖွင့်လှစ်ပို့ချရန်အတွက် ပညာရေးဝန်ကြီးဌာနကို ခွင့်ပြုချက် တင်ပြထားရာ စီးပွားရေးပညာဘာသာရပ်တစ်ခုတည်းသာ ဖွင့်လှစ်ရန်အတွက် ခွင့်ပြုမိန့်ကျသေးသည့်အတွက် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သိရပါသည်။
“ စီးပွားရေးပညာ ဘာသာရပ်တစ်ခုပဲ ဖွင့်ခွင့်ရသေးတယ်။ ကျန်တာတွေကတော့ ခွင့်ပြုမိန့်မကျသေးပါဘူး။ အဲဒါကို အောက်တိုဘာလမှာစပြီးဖွင့်မယ်။ ဝင်ခွင့်သတ်မှတ်ချက်ကတော့ ဘွဲ့တစ်ခုခုရရပါမယ်။ ကျောင်းအပ်တာအစ သင်တန်းပို့ချတာအဆုံးအကုန် အွန်လိုင်းနဲ့ပဲ။ လက်ရှိဖွင့်နေတဲ့ ဥပဒေသင်တန်းတွေ အတိုင်းပဲသွားမှာ "ဟုရန်ကုန်အဝေးသင်တက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူး ဦးအောင်ခိုင်သန်းကပြောပါသည်။
ယင်းကဲ့သို့ ဘာသာရပ်များကို အွန်လိုင်းဖြင့် ပို့ချနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းများကို ကိုယ်ပိုင်ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းများဖြင့်သာ သင်ကြားမည်ဖြစ်ကြောင်း အဆိုင်းမန့်တင်ခြင်း၊ စာမေးပွဲဖြေဆိုခြင်းများကိုလည်း အွန်လိုင်းဖြင့်သာ ပြုလုပ်မည်ဖြစ်ပြီး အနီးကပ်သင်တန်းများကိုလည်း ထားရှိပေးမည်ဖြစ်ကြောင်း သိရပါသည်။
“ ကျောင်းသားအရေအတွက်ကတော့ အနည်းဆုံး (၅၀) ၊ အများဆုံး (၁၀၀) လောက်လက်ခံမယ်။ သင်တန်းကြေးအနေနဲ့ လေးသိန်းခွဲလောက်ကျမယ်။ ဒါကိုနှစ်ရစ်ခွဲသွင်းနိုင်ရမယ် " ဟု ဦးအောင်ခိုင်သန်းက ပြောကြားပါသည်။
Read More>>>> ရန်ကုန်တက္ကသိုလ်ပထမဦးစားပေးလျှောက်ထားသူများ လူတွေ့ဖြေဆိုရမည့်ရက်
လက်ရှိရန်ကုန်အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းဖြင့် ဖွင့်လှစ်ပို့ချနေသော သင်တန်းများမှာ Post Graduate Diploma in Law, ဥပဒေပညာ၊ ဥပဒေပညာ မဟာဘွဲ့တို့ကို ပို့ချနေကြောင်း လက်ရှိတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်သည် အဝေးသင်ကျောင်းသား/သူများနှင့် သက်ဆိုင်သော ကိစ္စရပ်များကို တက္ကသိုလ်အသီးသီးသို့ လုပ်ပိုင်ခွင့်များ လွှဲပြောင်းထားရသည့်အတွက် အွန်လိုင်းသင်တန်းများ ပိုမိုဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။
Source: Democracy