ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ရင် ပညာရေးကို ထိခိုက်စေနိုင်သလား

ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ရင် ပညာရေးကို ထိခိုက်စေနိုင်သလား

အခုခေတ်က ပိုပွင့်လင်းလာပြီဆိုတော့ Part-time အလုပ်ခေါ်တာလေးတွေလည်း ရှိလာသလို Company တွေဘက်က ကျောင်းသားလူငယ်လေးတွေကို Internship ခေါ်တာတွေလည်း တဖြည်းဖြည်း များလာပါပြီ။

ကျောင်းသားလေးတွေကလည်း အလုပ်အတွေ့အကြုံ လိုချင်ကြတယ်၊ လုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေတယ် ဘယ်လိုအလုပ်လုပ်ရလဲ၊ လုပ်ငန်းခွင် ဆက်ဆံရေးဆိုတာ ဘာလဲ ပိုပြီးသိချင်လာကြတော့ အချိန်ပိုင်းအလုပ်လေးတွေ ရှာသူလည်း ပိုများလာတယ်လေ။

တစ်ချို့ကျောင်းသားလေးတွေဆို ကျောင်းပိတ်တုန်းလေး အားနေတုန်းလေး ဒီတိုင်းနေတာထက်စာရင် အချိန်ကိုအကျိုးရှိရှိအသုံးချမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်ဖုံ၊ ကိုယ့်အားကိုယ်ကိုးပြီး တတ်နိုင်သလောက် ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်မျိုး အလုပ်လုပ်ချင်သူတွေ ပိုတိုးလာတာ အားလုံးအမြင်ပါ။

ဘယ်လိုရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် ဒီနေရာမှာ တစ်ခုမေးစရာဖြစ်လာတာက ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ရင် ကိုယ့်ကျောင်းစာ ပညာရေးကို ထိခိုက်စေနိုင်သလား ဆိုတာပါပဲ။

ဒီအချက်က မိဘတွေတော်တော်များများ စိုးရိမ်ပူပန်နေရတဲ့ အချက်ဖြစ်သလို ကျောင်းသားတစ်ချို့တွေ ကိုယ့်ပညာရေး ထိခိုက်မှာ ကြောက်လို့ အလုပ်လုပ်ချင်ပေမယ့် ဘေးဖယ်ထားရသူလေးတွေလည်း ရှိပါတယ်။

အရှင်းဆုံးအဖြေကို ပြောရရင်တော့ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ရင် ထိခိုက်မှုတော့ ရှိပါလိမ့်မယ်။ ဘယ်လောက်ထိခိုက်မလဲဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး ကိုယ့်အလုပ်နဲ့ ကိုယ့်ကိုင်တွယ်နိုင်မှု အပေါ်ပဲ မူတည်ပါတယ်။

တစ်ချို့အလုပ်တွေက pressure သိပ်မရှိဘူး အေးအေးဆေးဆေးလုပ်နိုင်တယ် ဒါပေမယ့် တစ်ချို့က pressure များတယ် အရမ်းပင်ပန်းရတယ် အဲ့လိုအခြေအနေတွေအပေါ် မူတည်ပြီး ထိခိုက်မှုပမာဏတွေ ကွဲပြားသွားမှာပါ။

ပြီးတော့ အလုပ်ပတ်ဝန်းကျင်ကလည်း အရေးကြီးတယ်။ အလုပ်ထဲမှာ manager ကဆိုးလို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာ ဖြစ်ဖြစ် ဒါတွေကလည်း ကိုယ့်စိတ်အခြေအနေကို ထိခိုက်စေပါတယ်။

ကိုယ်ကိုယ်တိုင်အပေါ် မူတည်တာပါ။

နောက်တစ်ချက်က ကိုယ်ကိုယ်တိုင်အပေါ် မူတည်တာပါ။ တစ်ချို့က ကျောင်းတက်ရင်း အလုပ်လုပ်တယ် လစာတွေရလာတော့ ဒီလိုလည်း ပိုက်ဆံရှာလို့ ရနေတာပဲ၊ ဒီလိုလည်း အဆင်ပြေနေတာပဲ ဆိုပြီး စာမကြည့်ချင် ကြတော့ဘူး၊ ကျောင်းစာကို စိတ်မဝင်စားတော့ဘူး။

ပြီးတော့ တကယ်အလုပ်ရှုပ်နေတာလည်း မဟုတ်ဘဲနဲ့ အလုပ်များလို့ ကျောင်းပျက်တာမျိုး၊ အတန်းလစ်တာမျိုး၊ စာမေးပွဲမဖြေတာမျိုး အဲလိုအလုပ်ကို အကြောင်းပြရင် တခြားသူတွေမသိကြရင်တောင် ဘယ်သူမပြု မိမိမှုလေ ကိုယ်ကတရားခံပဲ။ ဒီလိုကျတော့ အလုပ်ကြောင့် ပညာရေးကို ထိခိုက်တာမဟုတ်ဘဲ ကိုယ့်အပျင်းရောဂါလေးကြောင့် ထိခိုက်တာပါနော်။

အလုပ် နဲ့ Pressure

ဘယ်လိုပဲဖြစ်ဖြစ် အလုပ်လုပ်မယ်ဆိုရင်တော့ သေချာပေါက် ပင်ပန်းရမှာပါ။ ဘယ်အလုပ်မဆို pressure အနည်းနဲ့ အများတော့ ရှိကြတာပဲလေ။ တစ်ဖက်ကနေ ဝင်ငွေလေးလည်း ရှိချင်တယ် တစ်ဖက်က ပညာလည်း ရှာချင် တယ်ဆိုရင် အပင်ပန်းခံနိုင်ရမယ် ပြီးတော့ မလျှော့သောဇွဲနဲ့ ကြိုးစားမှုလေးလည်း ရှိဖို့လိုပါတယ်။

ဒီလိုတွေပြောလို့ ကြောက်မသွားပါနဲ့ဦး ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ပြီး အတွေ့အကြုံလည်းရ ဝင်ငွေလည်းရ ပညာလည်းရတဲ့ ကျောင်းသားလူငယ်လေးတွေ အများကြီးပါပဲ။ ပင်ပန်းတယ်ဆိုပေမယ့် အချိန်ပိုင်းလေးဖြစ်ဖြစ် လုပ်နိုင်ရင်တော့ ကောင်းပါတယ် ဟိုလိုအလုပ်အတွေ့အကြုံ ကြီးကြီးမားမားတွေ မရရင်တောင်မှ အနည်းဆုံး မုန့်ဖိုးလောက်တော့ ရတယ်လေ မိဘတွေလည်း သက်သာတာပေါ့။

ပြီးတော့ ကိုယ့်အားနဲ့ ပိုက်ဆံရှာနိုင်တယ်ဆိုတာ ဘယ်လောက်ကောင်းတဲ့ ကိစ္စလဲ တကယ့်ကို ချီးကျူးစရာပါ။ အလုပ်လုပ်ရင် သေချာပေါက် တစ်ခုခုတော့ ရပါတယ် အလုပ်အတွေ့အကြုံဖြစ်ဖြစ်၊ ပြောဆိုဆက်ဆံရေးဖြစ်ဖြစ်၊ လုပ်ငန်းအနေအထားတွေဖြစ်ဖြစ်၊ အရင်က မသိခဲ့တာမျိုး သိရတာဖြစ်ဖြစ် အဲလိုမျိုးလေးတွေပေါ့။ ကိုယ့်ဘက်က ယူတတ်ဖို့လည်း လိုတယ်နော်။

အားတင်းပြီးလျှောက်လှမ်းပါ။

ထိခိုက်မှုနည်းနည်းတော့ ရှိတယ်ဆိုပေမယ့် အားတင်းထားပြီး ပညာရေးလမ်းကြောင်းကိုလည်း မှန်မှန်လျှောက်နေသူတွေ ရှိတာမို့ အလုပ်လုပ်လို့ ထိခိုက်မလား ကြောက်နေတဲ့သူလေးတွေ သိပ်စိတ်မပူပါနဲ့။

အရင်ဆုံး စမ်းကြည့်လိုက်ပေါ့ ပြီးမှ အဆင်မပြေဘူး ဆိုလည်း ထွက်လိုက်လို့ရတာပဲလေ။ ကိုယ့်အတွက် အရှုံးမရှိပါဘူး အဆင်ပြေရင်လည်း ပြေသွားနိင်တာပဲ။ ပြီးတော့ ကိုယ့်အားကိုယ်ကိုး ကြိုးစားပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်ငွေရှာ ပညာရှာသူလေးတွေ အရမ်းကို လေးစားဖို့ကောင်းပါတယ်။

source: LiveTheDream

News Read 2240 times