ဥရောပသမဂ္ဂက ထောက်ပံ့သည့် ယူရို ၂၁၂ သန်းအနက် သုံးပုံနှစ်ပုံခန့် (၁၄၁ သန်းကျော်)ကို ၂၀၂၂ ခုနှစ်အထိ ငါးနှစ်တာအတွင်း သက်မွေးပညာရေးအတွက် သုံးစွဲမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။
ယနေ့ (ဇန်နဝါရီလ ၁၄ ရက်)က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သက်မွေးပညာကို ပထမတန်းစာပညာရေးအဖြစ် ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း လူငယ်စကားဝိုင်းများတွင် လမ်းညွှန်ပြောကြားထားသည်။
သက်မွေးပညာကဏ္ဍတိုးချဲ့ရာတွင် တိုင်းနှင့်ပြည်နယ် တစ်ခုချင်းစီ၏ ကျွမ်းကျင်လုပ်သားဈေးကွက် တစ်နေရာနှင့်တစ်နေရာ တူညီမှုမရှိ၍ ယင်းအင်အားကို ဦးတည်ဖြည့်ဆည်းပေးနိုင်မည့် သင်တန်းများသာဖွင့်ရန် အရေးကြီး သည်ဟု ပညာရေးဝန်ကြီးက ပြောဆိုသည်။
ဟိုတယ်နှင့်ခရီးသွား၊ ဟိုတယ်ဝန်ဆောင်မှု၊ အိုင်စီတီနည်းပညာ စသည့်သက်မွေးသင်တန်းများဖွင့်သည့်အခါ လိုအပ်မည့် ကျွမ်းကျင်လုပ်သားဈေးကွက်ကိုလေ့လာပြီး လိုအပ်သလောက် အရည်အသွေးမီသည့် လုပ်သားများ မွေးထုတ်ပေးရန်လည်း ၎င်းက ပြောဆိုသည်။
ထို့ပြင် တိုင်းနှင့်ပြည်နယ် အားလုံးတွင် မျှတစွာအကောင်အထည်ဖော်ရန်၊ တစ်ဦးတစ်ယောက်ကိုမျှ ချန်ထားခြင်း မရှိစေရန်၊ ဒေသ၏ လူဦးရေ အနည်း၊ အများနှင့်မဆိုင်ဘဲ လုပ်ငန်းအောင်မြင်မှုကိုဦးတည်၍ စီမံခန့်ခွဲရန်ကို လည်း ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။
တစ်နိုင်ငံလုံးတွင် သက်မွေးပညာကျောင်း ၆၇ ကျောင်း၊ ဆရာဦးရေ ၄၀၄၀ ဦး၊ စက်မှုလက်မှုသိပ္ပံကျောင်းသား ၁၄၉၅၆ ဦး၊ နည်းပညာအထက်တန်းကျောင်းသား ၇၂၂၈ ဦး၊ ကာလတို သင်တန်းသား ၁၂၆၄၄ ဦးရှိကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရှိရသည်။
ပညာရေးအတွက် ယူရိုသန်း ၂၀၀ ကျော် ကူညီမည့်အကြောင်း ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းက ရန်ကုန်မြို့တွင်ပြုလုပ်သည့် အာဆီယံဒေသ အဆင့်မြင့်ပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲတွင် ဥရောပ သမဂ္ဂ သံအမတ် Mr.Kristian Schmidt က တရားဝင် ထုတ်ပြောခဲ့ခြင်းဖြစ်သည်။
Photo & source: thevoice