တက္ကသိုလ်ဆရာ၊ ဆရာမများကြား ကန့်ကွက်မှုများနေသည့် ရာထူးတိုးတန်းစီဇယားကို ဆရာသမဂ္ဂကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုပြီး အဆင့်မြင့်ပညာဦးစီးဌာနက ပြန်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ထံမှ သိရသည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင် မျိုးထွန်းက “တန်းစီဇယားက အစစ်အမှန် မဟုတ်သေးဘူး။ လွဲမှားနေတာတွေ အများကြီးရှိတာတွေကို တွေ့ရတယ်။ အဲဒါကို ပြန်ပြီး စိစစ်ရမယ်။ အမှတ်ပေးထားတာတွေမှန်ရဲ့လား၊ အထောက်အထားတွေ မှန်ရဲ့လားပေါ့။ ဒီရက်ပိုင်းအတွင်း စစ်မှာပါ”ဟု ပြောကြားသည်။
တန်းစီဇယားများနှင့်ပတ်သက်၍ နိုဝင်ဘာလ ၉ ရက်က နေပြည်တော်တွင် အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းတို့ကို တက္ကသိုလ်အသီးသီးမှ ဌာနဆိုင်ရာကိုယ်စားလှယ်များက စစ်ဆေးမည်ဖြစ်ပြီး ဆရာသမဂ္ဂကိုယ်စားလှယ်များပါဝင်ခွင့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆင့်မြင့်ပညာဦးစီးဌာနအနေနှင့် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက် ကထိက၊ နည်းပြ၊ သရုပ်ပြ သင်ကြားရေးဝန်ထမ်းများ၏ ရာထူးတိုး၊ ပြောင်း အဆိုပြုလျှောက်လွှာများကို ပြီးခဲ့သည့်ဇွန်လအတွင်းက ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ထိုသို့ လျှောက်လွှာခေါ်ယူပြီးနောက် နိုဝင်ဘာလအစပိုင်းတွင် အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူလက်မှတ်မပါရှိဘဲ ကထိကမှ တွဲဖက်ပါမောက္ခ ရာထူးတိုး၊ ပြောင်း တန်းစီဇယားနှင့် တွဲဖက်ပါမောက္ခမှ ပါမောက္ခ ရာထူးတိုး တန်းစီဇယား ၂ ခု ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတန်းစီဇယားများတွင် လုပ်သက်ရင့် ဆရာ၊ ဆရာမများနှင့် ပါရဂူဘွဲ့ရ စောသည့် ဆရာ၊ ဆရာမများ၏ နာမည်စာရင်း များသည် ၎င်းတို့ထက် လုပ်သက်နည်းသည့် ဆရာ၊ ဆရာမများအောက်တွင် ရောက်နေခြင်းများရှိ မှုကြောင့် ဆရာ၊ ဆရာမများအတွက် နစ်နာမှုရှိကြောင်း တက္ကသိုလ်ဆရာ အသိုင်းအဝိုင်းထံမှ သိရသည်။
ထို့ကြောင့် တက္ကသိုလ်ဆရာ၊ ဆရာမ အသင်းများကိုယ်စားပြုကော်မတီနှင့် တက္ကသိုလ် ၆ ခုမှ ဆရာ၊ ဆရာမအသင်းများက ရာထူးတိုး၊ ပြောင်းတန်းစီဇယားကို ကန့်ကွက်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာနက အဆိုပါတန်းစီဇ ယားများကို ပယ်ဖျက်ပေးရန်တောင်းဆိုကြောင်း သဘောထားများကို အသီးသီးထုတ်ပြန်ခဲ့ကြသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: thevoice