အချိန်ပိုင်းအဖြစ် ခန့်ထားခြင်းကြောင့် အနည်းဆုံးလုပ်ခလစာနှုန်းထက် နည်းနေခြင်းဖြစ်ဟုဆို။
ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် အချိန်ပိုင်းနည်းပြ ဆရာ၊ ဆရာမ ၁,၀၀၀ ခန့်ကို တစ်ရက် ကျပ် ၃,၆၀၀ နှုန်းဖြင့် ခန့်အပ်ရန် စီစဉ်ထားပြီး အချိန်ပိုင်းအဖြစ် ခန့်ထားခြင်းကြောင့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက် ကျပ် ၄,၈၀၀ ထက် နည်းနေခြင်းဖြစ်သည်ဟု အဆင့်မြင့်ပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောသည်။
ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ အပါအ၀င် တက္ကသိုလ်အချို့၌ ဆရာ၊ ဆရာမ လိုအပ်ချက်အရ မဟာဘွဲ့ရပြီးသူများနှင့် မဟာဘွဲ့သင်တန်းတက်နေသော ကျောင်းသား၊ ကျောင်းသူများကို တစ်ရက်လျှင် ကျပ် ၃,၆၀၀ နှုန်းဖြင့် နေ့စား(ပုတ်ပြတ်) (အချိန်ပိုင်းနည်းပြ)အဖြစ် ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီက ၂၀၁၈ ဒီဇင်ဘာ ၂၇ ရက်တွင် ခန့်ထားခွင့်ပြုခဲ့သည်။
ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ပထမဘွဲ့ရပြီး မဟာတန်းအောင်မြင်သူများကို အချိန်ပိုင်းနည်းပြ ခန့်ထားနိုင်ရေး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနသို့ တင်ပြရာ တစ်ရက်လျှင် ကျပ် ၁,၀၀၀ နှုန်းဖြင့် တစ်လကျပ် ၂၀,၀၀၀ သာ ပေးနိုင်မည်ဟု နိုဝင်ဘာ ၁၅ ရက်က အကြောင်းပြန်ခဲ့သည်။ ထိုနှုန်းထားကို ဝေဖန်မှုများရှိခြင်းကြောင့် ပြန်လည်ညှိနိှုင်းကာ နေ့စား(ပုတ် ပြတ်) (အချိန်ပိုင်းနည်းပြ)အဖြစ် တစ်ရက်လျှင် ကျပ် ၃,၆၀၀ နှုန်းဖြင့် ခန့်ထားခွင့်ပြုခြင်းဖြစ်သည်။
ကျပ် ၃,၆၀၀ နှုန်းထားသည် အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက် ကျပ် ၄,၈၀၀ ထက် နည်းနေခြင်းကြောင့် ပညာရေးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများ ရှိနေ သည်။
‘‘အနည်းဆုံး လုပ်ခလစာထက်တော့ နည်းနေသေးတယ်။ ဒါပေမဲ့ အဓိကက သူက PartTime ဖြစ်နေတာ။ Permanentမဟုတ်ဘူးလေ။ ကျွန်တော်တို့ဆီ မှာ နေ့စား (သန့်ရှင်းရေး)တို့၊ နေ့စား(အစောင့်)တို့တောင် ၄,၈၀၀ ရတယ်။ သူတို့က အချိန်ပြည့် လုပ်ရတာလေ။ ရုံးချိန်ပြည့်ပဲ။ ဒီဟာကတော့ Part Time ဖြစ်တာကြောင့်မို့ပါ’’ဟု ဒေါက်တာ အောင်အောင်မင်းက ဆိုသည်။
ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းအရ အချိန်ပိုင်းနည်းပြ လစာနှုန်းထားကို သတ်မှတ်ရခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနတစ်ခုတည်း အနေဖြင့် နှုန်းထားတိုးမြှင့်ပြင်ဆင်ခွင့်မရှိဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ညှိနှိုင်းရသည်ဟု ၎င်းက ပြောသည်။
‘‘အဓိကက စီမံဘဏ္ဍာဝန် ကြီးဌာနနဲ့ ညှိရတယ်။ သူတို့ရဲ့ဘဏ္ဍာစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်အောင် ညှိရတယ်။ ပထမ ၁,၀၀၀ ကျပ်ပေးမယ်ဆိုပြီး ပြောပေမယ့် စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ ညှိပြီး ၃,၆၀၀ ကျပ်ဆိုပြီး အဆည(အဆင့်မြင့် ပညာဦးစီးဌာန)ကပဲ စာထပ်ထုတ်ထားတယ်။ ဒါက စီမံဘဏ္ဍာရဲ့ သဘောထားမှတ်ချက်ယူရတယ်။ ကျွန်တော်တို့ချည်းပဲ ၁,၀၀၀ ပေးမယ်၊ ၂,၀၀၀ ပေးမယ်၊ ၃,၆၀၀ ပေးမယ်၊ ၄,၈၀၀ ပေးမယ်လို့ လုပ်လို့မရဘူး’’ဟု ဒေါက်တာ အောင်အောင်မင်းက ပြော သည်။
မဟာတန်း တက်ရောက်နေ ဆဲ ကျောင်းသား၊ ကျောင်းသူအများစုသည် တက္ကသိုလ်အချိန်ပိုင်း နည်းပြလျှောက်ထားပြီး ၎င်းတို့သည် လစာထက် အတွေ့အကြုံ ကို ပိုမိုလိုချင်ကြသည်ဟု ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာအောင်မြင့်ဦးကဆိုသည်။
‘‘လစာထက် ကိုယ့်ကလေး အတွေ့အကြုံရတယ်။ နောက်ပိုင်း တက္ကသိုလ်ဆရာမ လျှောက်ရင်တောင် ဒါက တစ်နည်းတစ်ဖုံ အထောက်အကူ ပြုနိုင်တယ်လို့ထင်လို့ အန်တီကတော့ ဘယ်လောက်ရရ ၀င်လုပ်လို့ ပြောထားတယ်’’ဟု မန္တလေး တက္ကသိုလ်မှ ကုန်ထုတ်ဓာတုဗေဒ ကျောင်းသူ၏ မိခင်ကဆိုသည်။
တက္ကသိုလ် အချိန်ပိုင်းနည်းပြအဖြစ် ကျောင်းတက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများကို ယခင်က ခန့်ထားမှုနည်းကြောင်း ဒေါက်တာ အောင်အောင်မင်းက ဆိုသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ၂၀၁၈ မေလ ၁၄ ရက် ကြေညာချက်တွင် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ်နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ၄,၈၀၀ ကျပ် သတ်မှတ်ကြောင်း ဖော်ပြထားသည်။
source: 7day