ဆေးကျောင်းဝင်ခွင့် အမြင့်ဆုံး ၅၅၃ မှတ်၊ အနိမ့်ဆုံး ၅၀၅ မှတ်ဖြင့် ဆုံးဖြတ်

ဆေးကျောင်းဝင်ခွင့် အမြင့်ဆုံး ၅၅၃ မှတ်၊ အနိမ့်ဆုံး ၅၀၅ မှတ်ဖြင့် ဆုံးဖြတ်

မြန်မာတစ်နိုင်ငံလုံးရှိ ဆေးကျောင်း ၅ ကျောင်းဝင်ခွင့်ရ စာရင်းကို အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့ရာ ဆယ်တန်းစာမေးပွဲရမှတ် အနိမ့်ဆုံး ၅၀၅ မှတ်နှင့်အထက်ရ ကျောင်းသားများနှင့် အနိမ့်ဆုံး ၅၁၅ မှတ်နှင့်အထက်ရ ကျောင်းသူများ ဝင်ခွင့်ရကြောင်း ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနထံမှ သိရသည်။

ကျောင်းသူစာရင်းတွင် ၅၅၃ မှတ်ရ ကျောင်းသူတစ်ဦးက အမြင့်ဆုံးအမှတ်ဖြင့် ဝင်ခွင့်ရပြီး ကျောင်းသားစာရင်းတွင် ၅၅၀ မှတ်ရ ကျောင်းသားတစ်ဦးက အမြင့်ဆုံးအမှတ်ဖြင့်ဝင်ခွင့်ရသည်။

ဆေးကျောင်းဝင်ခွင့်ရမှတ်ကို ပုံသေ သတ်မှတ်ထားခြင်းမရှိဘဲ လျှောက်ထားသူများအနက် ဆယ်တန်းရမှတ် အများဆုံး ရသူများကိုသာ ရွေးချယ်ဝင်ခွင့်ပြုခြင်းဖြစ်သည်။

ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဦးဇော်ဝေစိုးက"ဆေးဝင်ခွင့်ကတော့ ဘာမှမထူးပါဘူး။ ထုံးစံအတိုင်းပေါ့ ဒီနှစ်က(တက္ကသိုလ် ၁၁ ခုက) စနစ်သစ်ဖြစ်သွားတော့ သူတို့နဲ့ ညှိနေရလို့ ခုမှထုတ်ပြန်တာပေါ့”ဟု ပြောကြားသည်။

ယခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ဆေးတက္ကသိုလ် (၂)၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်၊ တောင်ကြီးဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းတွင် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၁၉၇ ဦး ဝင်ခွင့်ရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနထံမှ သိရသည်။

ဆေးကျောင်းပထမနှစ် သင်တန်းများကို ဒီဇင်ဘာ ၃ ရက် စဖွင့်မည်ဖြစ်ကာ ဝင်ခွင့်ရသူများအနေနှင့် မိမိတို့ ဝင်ခွင့်ရ တက္ကသိုလ် မော်ကွန်းထိန်းများထံ နိုဝင်ဘာ ၁၉ ရက်မှ စတင်သတင်းပေးပို့ရမည်။

ဒီဇင်ဘာ ၁၄ ရက်အထိ သတင်းပေးပို့ခြင်းမရှိသည့် ကျောင်းသားများကို ၀င်ခွင့်ပယ်ဖျက်မည် ဖြစ်သည်။

ဆေးကျောင်းတက်ခွင့်ရသူများသည် သင်တန်းပြီးအောင်တက်ရမည်ဖြစ်ကာ ဘွဲ့ရပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် ၃ နှစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံလက်မှတ်ရေးထိုးရမည်ဖြစ်သည်။

ကတိပျက်ပါက လျော်ကြေးငွေ ဆယ်သိန်းကျပ် ပေးလျော်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်း အမြစ်ဦးစီး ဌာနက ကြေညာထားပြီးဖြစ်သည်။

ဆေးကျောင်းဝင်ခွင့်ကို သိပ္ပံဘာသာတွဲဖြင့် ဆယ်တန်းအောင်သည့် အမျိုးသား ၅၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၀ ရာခိုင်နှုန်းကို ဝင်ခွင့်လက်ခံခြင်းဖြစ်သည်။

ယခင်နှစ်က ဆေးတက္ကသိုလ်ဝင်ဝင်ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲတွင် ၄၉၃ မှတ်နှင့်အထက်ရှိသော ကျောင်းသား များနှင့် ၅၀၇ မှတ်နှင့်အထက်ရှိသော ကျောင်းသူများဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဆေးကျောင်းဝင်ခွင့်တွင် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ စသည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်သော ဝေးလံဒေသများမှ ကျောင်းသား၊ ကျောင်းသူ အနည်းဆုံးရ ၂ ဦးမှ အများဆုံး ၁၂၀ ဦးထိ ရွေးချယ် လက်ခံ မည်ဖြစ်သည်။

ဝေးလံဒေသမှ ဝင်ခွင့်ရ ကျောင်းသားများစာရင်းကို သီးခြားထုတ်ပြန်မည်ဖြစ်ပြီး ထုတ်ပြန်မည့်အချိန်ကိုမူ မသိရသေးပေ။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: thevoice

News Read 6863 times