၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ရမည်။
၂။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အပေါ် သစ္စာရှိသူ ဖြစ်ရမည်။
၃။ ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာသူဖြစ်ရန်နှင့် နိုင်ငံတော်အပေါ် ချစ်မြတ်နိုး၍ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများကို ရှင်သန်စေပြီး တိုင်းရင်းသားအချင်းချင်းအကြားအပြန်အလှန် နားလည်လေးစားသူဖြစ်ရမည်။
၎။ ယခင်ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူနှင့် ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကိုသာ အောက်ပါအချက်များနှင့် အညီ စိစစ်လက်ခံမည် -
(က) သိပ္ပံသင်တန်းအတွက် သိပ္ပံ/၀ိပ္ပံဘာသာတွဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စုစုပေါင်းရမှတ် (၃၅၀) နှင့်အထက်၊ ၀ိဇ္ဇာသင်တန်းအတွက် ၀ိဇ္ဇာဘာသာတွဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စုစုပေါင်းရမှတ် (၃၀၀) နှင့်အထက် ရရှိသူများမှ စဉ်းစားရွေးချယ်မည်။
(ခ) တိုင်းဒေသကြီး/ပြည်နယ်များမှ သတ်မှတ်အရည်အချင်းပြည့်မီပြီး ၀င်ခွင့်စာမေးပွဲ (ရေးဖြေ၊ လူတွေ့)ဖြေဆို အောင်မြင်သူများကို ရွေးချယ်လက်ခံမည်။
(ဂ) နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှု အောက်ရှိနယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများနှင့် အထောက်ပံ့ခံကျောင်းများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား/သူများကိုသာ ရွေးချယ်လက်ခံမည်။
(ဃ) တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် သတ်မှတ်ပေးထားသောာ သင်တန်းသား(အဓိကနှင့်အရန်) ဦးရေကို သင်တန်းအား စိတ်ပါဝင်စားပြီး အမှန်တကယ် တက်ရောက်၇န် ဆန္ဒရှိ သူများ ကိုသာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သင်တန်းသားရွေးချယ်ရေးကော်မတီများမှ ဦးစားပေး အစီအစဉ်အလိုက် ရွေးချယ်၍ ဗဟိုသင်တန်းသားရွေးချယ်ရေး ကော်မတီထံသို့ ပေးပို့ရမည်။
(င) သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသည့် အဓိကသင်တန်းသားများမှာ အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခြင်း မရှိလျှင်လည်းကောင်း ဆေးစစ်ချက်မအောင်လျှင်သော်လည်းကောင်း အစားထိုး တက်ရောက်ခွင့်ပြုမည့် သင်တန်းသားအား၊ ဗဟိုသင်တန်းသားရွေးချယ်ရေးကော်မတီသို့ ပေးပို့တင်ပြထားသည့် အရန်အင်အားစာရင်းပါဦးစားပေးအစီအစဉ်အရ သတ်မှတ်ကာလအတွင်း တက်ရောက်ခွင့်ပြုမည်။
(စ) သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ဆက်လက်တက်ရောက်ရန် ဆန္ဒနရှိ၍သော်လည်း အခြားသင်တန်းသို့ အခြားသင်တန်းသို့ ပြောင်းလဲတက်ရောက်ရန်သော်လည်း နှုတ်ထွက်ခဲ့သည့် သင်တန်းသားနေရာတွင် အစားထိုးတက်ရောက်ခွင့်မပြုပါ (အမှန်တကယ် တက်ရောက်လိုသူများအတွက် နစ်နာမှုမရှိစေရန် အမှန်တကယ် ဆန္ဒရှိသူများကိုသာ ရွေးချယ်ရေးအဖွဲ့မှ အာမခံရွေးချယ်ပေးရန်ဖြစ်သည်။)
(ဆ) ပထမနှစ်သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီး ဆေးစစ်ချက် မအောင်မြင်သဖြင့် ပြန်လည်စေလွှတ်ခံရသည့် ကျောင်းသား/သူ များသည် သင်တန်းသို့ ပြန်လည်တက်ရောက်လိုပါက ကျောင်းသို့ တိုက်ရိုက်ခွင့်မပြုဘဲ သင်တန်းသား အသစ်ကဲ့သို့ အစမှ ပြန်လည် လျှောက်ထားရမည်။
(ဇ) နစ်နာမှုမရှိစေရေးအတွက် အခြားတက္ကသိုလ်၊ ကောလိပ်များသို့ လျှောက်ထားနိုင်သည်။
(ဈ) သင်တန်းတက်ရောက်ရန် လျှောက်ထားသူများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျန်းမာရေးဌာနတွင် (အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ HIV နှင့် ကာလသားရောဂါ၊ တီဘီ၊ နာတာရှည် ကူးစက်ရောဂါများ)၊ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီး ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက်လက်မှတ်မူရင်းကို တစ်ပါတည်း ယူဆောင်လာရမည်၊ (ဆေးစစ်ချက်လက်မှတ်မပါရှိသူများအား ပြန်လည်စေလွှတ်မည်ဖြစ်သည်၊) ဗဟိုသင်တန်းသား ရွေးချယ်ရေးကော်မတီမှ ပဏာမရွေးချယ်ခြင်းခံရပါက စိတ်အခြေအနေနှင့် ကျန်းမာရေးစစ်ဆေးမှုကို ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် စိတ်အခြေအနေ ကောင်းမွန်မှသာ တက်ရောက်ခွင့်ရပါမည်။ (ထိုစစ်ဆေးရေးအဖွဲပ၏ စစ်ဆေးတွေ့ရှိချက်အတိုင်းသာ အတည်ပြုသွားမည်။)
၅။ ဗဟိုသင်တန်းသား ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသာ စည်းရုံးညီညွှတ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝေးလံခေါင်းပါးသည့် နေရာဒေသ၏ လိုအပ်ချက်၊ တိုင်းရင်းသားလူမျိုး လိုအပ်ချက်များအရ သင်တန်းသားရွေးချယ်မှုအား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် စိစစ်ရွေးချယ် ဆောင်ရွက်ပေးမည် (၀င်ခွင့် စာမေးပွဲ အောင်မြင်ပြီးမှသာ ရွေးချယ်နိုင်ရေး ထည့်သွင်း စဉ်းစားမည်)
၆။ လျှောက်ထားသူသည် ရွေးချယ်ခံသည့် ခုနှစ် (၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် အသက် (၁၆) နှစ်ပြည့်ပြီး အသက် (၁၉) နှစ်ထက် မကြီးသူဖြစ်ရမည်။ အမျိုးသားများသည် အနည်းဆုံး အရပ် (၅) ပေနှင့်အထက် ရှိသူဖြစ်ရမည်။
၇။ လျှောက်ထားသူနှင့် ၎င်း၏ မိဘနှစ်ပါးစလုံးသည် ဒေသတွင် အမှန်တကယ်နေထိုင်သူဖြစ်ရမည်။
၈။ လျှောက်ထားသူသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်။
၉။ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရဲစခန်း၊မြို့နယ်/ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးမှူးတို့ထံမှ (၁)လအတွင်း ရယူထားသော ထောက်ခံချက် တင်ပြရမည်။
၁၀။ ကျန်းမာ၍ ရောဂါဘယ (နာတာရှည်ရောဂါ၊ ကူးစက်ရောဂါ) ကင်းရှင်းရမည်။ ကိုယ်အင်္ဂါချို့ယွင်းသူ၊ စိတ်ချို့တဲ့သူ၊ စကားမပီသခြင်း၊ စကားထစ်ခြင်းများ ကင်းရှင်း၍ ဆရာ အင်္ဂါရပ်နှင့် ပြည့်စုံသူဖြစ်ရမည်။ တက်တူး(ဆေးမှင်ကြောင်) ထိုးထားသူ မဖြစ်စေရ။
၁၁။ အိမ်ထောင်မပြုဖူးသူ အပျို၊ လူပျို ဖြစ်ရမည်။
၁၂။ အမူအကျင့်အားဖြင့် အမျိုးသားဆန်သော အမျိုးသမီး (သို့မဟုတ်) အမျိုးသမီးဆန်သော အမျိုးသား မဖြစ်စေရ။
၁၃။ အားကစားထူးချွန်သူများကို ဦးစားပေးမည်ဖြစ်ပြီး ရှိသင့်သည့် ကိုယ်အလေးချိန်ထက် မကျော်လွန်သူဖြစ်ရမည်။
၁၄။ သင်တန်းသား/သူ ရွေးချယ်ရာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဆရာလိုအပ်ပြီး သွားလာရေး ခက်ခဲသော ဝေးလံဒေသများမှ ဦးစားပေးရွေးချယ်ရမည်။
၁၅။ ရပ်ရွာ၏ လူမှုရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်ဝင်စားသူဖြစ်ရမည်။
၁၆။ ပြည်ထောင်စု တိုင်းရင်းသားဖြစ်ပြီး ရိုးရာ ဘာသာစကားတတ်ကျွမ်းရမည်။
၁၇။ လျှောက်ထားသူသည် ရွေးချယ်ခံရပါက အဝေးသင်တက္ကသိုလ် အပါအဝင် အခြားတက္ကသိုလ်များတွင် တစ်ပြိုင်တည်း ပညာဆည်းပူးနေသူ မဖြစ်စေရ။
၁၈။ မြန်မာနိုင်ငံစာစစ်ဌာနမှဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးမှဖြစ်စေ ထုတ်ပေးသော တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်းမူရင်း တင်ပြနိုင်ရမည်။
၁၉။ ပညာရပ်များ တတ်မြောက်၍ ဘွဲ့ရရှိပြီးပါက နိုင်ငံတော်က အပ်နှင်းသော တာဝန်နှင့် စေလွှတ်ရာဒေသသို့ ဦးလည်မသုန် သွားရောက်တာဝန်ထမ်းဆောင်လျက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပါမည်ဟု ကတိပြုသူဖြစ်ရမည်။
၂၀။ နိုင်ငံတော်မှ ပေးအပ်သော တာဝန်ထမ်းဆောင်ခြင်းမှ ပျက်ကွက်ပါက ဝန်ထမ်းဆိုင်ရာ တည်ဆဲ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းအရ အရေးယူ ခံရမည်ကို သိရှိကြောင်း၊ ကိုယ်တိုင်ဝန်ခံ ကတိပြုလက်မှတ်ရေးထိုး၍ မိဘ၊ အုပ်ထိန်းသူမှ အာမခံ ကတိပြုလက်မှတ်ရေးထိုးရမည်။ သက်ဆိုင်ရာမြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့အစည်း၏ ထောက်ခံချက်ပါရှိရပါမည်။
၂၁။ ဘွဲ့ရရှိပြီးပါက နိုင်ငံတော်တွင် ဝန်ထမ်းခန့်အပ်ခြင်းကို သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန၏ ဝန်ထမ်းလိုအပ်ချက်အရ တစ်ဦးချင်း၏ ဘွဲ့ရရှိရန် ကြိုးစားမှု ရလဒ်အဆင့်နှင့် ဒေသ/လူမျိုး လိုအပ်ချက်အပေါ် မူတည်၍ သာ ခန့်အပ်သွားမည်ကို နားလည်သဘောပေါက် လက်ခံနိုင်ကြောင်း လက်မှတ်ရေးထိုးသူ ဖြစ်ရမည်။
၂၂။ အောက်ပါအချက်များနှင့် ကိုက်ညီသူကို အဓိက ထား ရွေးချယ်မည် -
(က) နယ်စွန်နယ်ဖျားဒေသမှ ဖြစ်ခြင်း၊
(ခ) ပြည်ထောင်စုတိုင်းရင်းသားဖြစ်ခြင်း၊
(ဂ) မိဘမဲ့ (သို့) မိမဲ့ (သို့) ဘမဲ့ ဖြစ်ခြင်း၊
(ဃ) ဆင်းရဲနွမ်းပါးသူဖြစ်ခြင်း၊
(င) လျှောက်ထားသည့် ဒေသ (သို့) မည်သည့်ဒေသတွင်မဆို တာဝန်ထမ်းဆောင်နိုင်မည့်သူ ဖြစ်ခြင်း။
မှတ်ချက်၊ ၊ တက္ကသိုလ်ဝင်တန်းကို ကိုယ်ပိုင်အထက်တန်းကျောင်း ၊ ဘော်ဒါဆောင်များတွင် အခကြေးငွေဖြင့် နေထိုင်တက်ရောက် အောင်မြင်သူများအား ရွေးချယ်ခြင်းမပြုရ။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်