ပေကျင်းမြို့ရှိ တက္ကသိုလ်များကို Covid-19 စောင့်ကြည့်ထိန်းသိမ်းမှုများဖြင့်ပြန်လည်ဖွင့်လှစ်

တရုတ်နိုင်ငံ မြူနီစီပယ် ပညာရေးကော်မရှင်၏ ပြောကြားချက်များအရ ပေကျင်းမြို့ရှိ တက္ကသိုလ်များကို ကောင်းမွန်သော ကြိုတင်ပြင်ဆင်မှုများဖြင့် ကျောင်းသားများကို ပြန်လည် လက်ခံခဲ့ပြီး ဩဂုတ်လ ၁၅ ရက်မှ စတင်ကာ ကျောင်းများ တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်လာခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်မှ စတင်ကာ နေ့စဉ် ကျောင်းသားပေါင်း တစ်သောင်းခန့်သည် ပေကျင်းမြို့သို့ ပြန်လာခဲ့ကြပြီး ယခုအချိန်ထိ တက္ကသိုလ် နှင့် ကောလိပ်ကျောင်းသား စုစုပေါင်း တစ်သိန်းခုနစ်သောင်းကျော်သည် ၎င်းတို့၏ သက်ဆိုင်ရာ ကျောင်းဝင်းထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။

ပေကျင်းမြို့ရှိ ကောလိပ်နှင့် တက္ကသိုလ် ထက်ဝက်ကျော်သည် ဩဂုတ် ၃၁ ရက် အထိ စာသင်နှစ် အသစ်အတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက် အရ သိရသည်။ ပီကင်းတက္ကသိုလ် (PKU) မှ စက်တင်ဘာ ၁ ရက်အထိ ကျောင်းသားသစ်ပေါင်း ၃၃၀၀ အထိ လက်ခံထားပြီးဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် ကျောင်းသားမိဘများကိုမူ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုကြောင်း နှင့် ကျောင်းသားလက်ခံရေးအစီအစဉ်အတွက် စေတနာဝန်ထမ်း ၁၀၀ ကျော်က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသားများအနေဖြင့် ကျောင်းဝင်းထဲ မဝင်ရောက်မီ နျူကလီအက်စစ်(nucleic acid) စမ်းသပ်စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး ကျောင်းဝင်းအတွင်း မဝင်ရောက်မီ ကျောင်းတက်ရန် စာရင်းပေးသွင်းချိန်တွင် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာတစ်စောင်ကိုလည်း မဖြစ်မနေ ပြသရမည်ဖြစ်ကြောင်း သိရသည်။

ထို့ အပြင် PKU တက္ကသိုလ်၏ အထွေထွေအတွင်းရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး Zhang Yongမှ လည်း ကျောင်းဝင်းအတွင်းရှိ အများပြည်သူသွားလာသောနေရာများတွင် လူစုလူဝေးပြုလုပ်ခြင်းနှင့် အစားအသောက်သုံးဆောင်ခြင်း ကို တားမြစ်ထားကြောင်း၊ ကိုယ်ခန္ဓာအပူချိန်တိုင်း ကိရိယာကို ကျောင်းဝင်း အဝင်ဝတွင် တပ်ဆင်ထားပြီး ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းခံရမည်ဖြစ်ကြောင်း နှင့် ပုံမှန်ဆေးဖျန်းခြင်းကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကို ထုတ်ပြန်ထားကြောင်း ဆိုပါသည်။

ကျောင်းသားများ အနေဖြင့် တစ်ဦးနှင့် တစ်ဦး အနီးကပ်ထိတွေ့မှု မရှိစေရန် ကျောင်းမဆင်းမီ ကျောင်း၏ စနစ်အတွင်း မှတ်ပုံတင်စာရင်းသွင်းနိုင်ပြီး ကျောင်းဝန်း ပြင်ပသို့ တကူးတက ထွက်ခွာရန် မလိုကြောင်း သိရသည်။

ပေကျင်းရှိ ကောလိပ်နှင့် တက္ကသိုလ်များသို့ ပြန်လာကြမည့် ကျောင်းသား အရေအတွက်မှာ လာမည့် စက်တင်ဘာလ ၆ရက်နေ့တွင် ငါးသောင်း ခန့်ရှိ ပြီး ထို့နေ့သည် ကျောင်းထဲသို့ ကျောင်းသားဦးရေအများဆုံး ပြန်လည်ဝင်ရောက်သည့်နေ့ ဖြစ်မည်ဟု ခန့်မန်းကြပြီး ထို့သို့ ကျောင်းသားများ ပြန်လည်ဝင်ရောက်မှု သည် အောက်တိုဘာအထိ ဖြစ်ကြောင်းသိရသည်။

“COVID-19 ကူးစက်ပျံ့နှံ့လာပြီးနောက်မှာ ကျွန်တော့်ရဲ့ သုတေသန လုပ်ငန်းတွေကို အိမ်မှာပဲ ဆက်လုပ်ဖြစ်တယ် ၊ အခုတော့ ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျောင်းဝင်းထဲကို ပြန်လာခွင့်ရပြီး ဓာတ်ခွဲခန်းထဲမှာ ကျွန်တော့်ရဲ့ အလုပ်တွေကို ပြန်လည်ခွင့်ရတော့မှာပါ” ဟု၎င်း၏ စာသင်ခန်းအတွင်း မဝင်ရောက်မီ ခန္ဓာကိုယ်အပူချိန်တိုင်းခြင်း စစ်ဆေးမှုကို အကြိမ်များစွာ ပြုလုပ်ခဲ့ရသည့် Beihang တက္ကသိုလ်တွင် ပါရဂူတန်း ဒေါက်တာဘွဲ့အတွက် ဒုတိယစာသင်နှစ်ကို စတင်မည့် ကျောင်းသားတစ်ဦးဖြစ်သူ Wu Zhuangfei မှဆိုသည်။

Beihang တက္ကသိုလ်သည် Wu Zhuangfei ကဲ့သို့သော တက္ကသိုလ်ကျောင်းသားပေါင်း ၁၂,၀၀၀ ခန့်ကို ဩဂုတ် ၂၄ ရက်မှ စတင်ကာ ပြန်လည်လက်ခံပေးခဲ့ကြောင်း သိရသည်။

By Myanmar Education Guide – EDGE

Source: Xinhuamyanmar

Latest Post News Read 1190 times