"TTTI (TVET Teacher Training Institute) မှာ ဆရာ၊ ဆရာမတွေကို သင်တန်းပို့ချပေးမယ်။ ဆရာ၊ ဆရာမတွေအတွက် လူဦးရေ ၈၀ ဆံ့တဲ့ အဆောက်အအုံဆောက်နေတာ ၄၀ ရာခိုင်နှုန်းပြီးစီးနေပါပြီ။ ၂၀၂၀ ပြည့်နှစ် မတ်လနဲ့ ဧပြီလလောက်မှာ ဖွင့်လှစ်နိုင်မှာပါ" ဟု ဒေါက်တာဇော်မင်းက ပြောသည်။
TTTI ကျောင်းသည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် သံလွင်လမ်း၌ တည်ဆောက်လျက်ရှိပြီး TTC၊ Model GTI နှင့် ILB Center ကဏ္ဍသုံးရပ်တို့ကို အဓိကထား ဖွင့်လှစ်မည် ဖြစ်သည်။
TTC ကဏ္ဍတွင် နည်းပညာနှင့် သက်မွေးပညာလေ့ကျင့်ရေး ဦးစီးဌာနအောက်ရှိ နည်းပညာ ကောလိပ်နှင့် အထက်တန်းကျောင်းမှ သိပ္ပံဘာသာရပ်သင် ဆရာ၊ ဆရာမများကို သင်တန်းပို့ချပေးမည် ဖြစ်သည်။
TTC သင်ကြားပြီးစီးသော ဆရာ၊ ဆရာမများကို Model GTI ၌ သင်တန်းပို့ချပေးရန် ပြန်လည်ခန့်အပ်မည် ဖြစ်ပြီး ကဏ္ဍတစ်ခုချင်းစီတွင် Electrical၊ Electronic၊ Mechanical နှင့် Auto Mobile မေဂျာ လေးခုစီခွဲ၍ သင်ကြားပို့ချ မည် ဖြစ်သည်။
TTC ကျောင်း တည်ထောင်ရန် မြန်မာနိုင်ငံရှိ နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ကျောင်းများနှင့် စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်စစ်တမ်းကောက်ယူပြီး စက်ရုံအလုပ်ရုံများနှင့်လည်း ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။
TTTI တွင် သင်ကြားမည့် ဘာသာရပ်များ၊ သင်ရိုးများ ရေးဆွဲပြီးစီးနေပြီး ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့်လည်း ဆရာ၊ ဆရာမများကို လေ့ကျင့်ရေးနှင့်ပတ်သက်သည့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြီး ဖြစ်သည်။
source: မြ၀တီ