ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ချက်ရှိသည့် ဗဟိုချုပ်ကိုင်မှုလျှော့ချကာ စာသင်ကျောင်းများသို့ ဘဏ္ဍာငွေခွဲဝေရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၄ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။
ယင်းထောက်ပံ့မှုသည် မြန်မာနိုင်ငံတွင် အားလုံးအကျုံးဝင်နိုင်သည့် ပညာရေးမြှင့်တင်နိုင်ရန်အတွက် သြစတြေးလျ၊ ဒိန်းမတ်နှင့် ဖင်လန်နိုင်ငံအစိုးရများက ပံ့ပိုးကူညီခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ်က ဦးဆောင်လျက်ရှိသည့် အလှူရှင် ပေါင်းစုံ၏ ဘက်စုံရန်ပုံငွေ အစီအစဉ်မှတစ်ဆင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းထံမှ သိရသည်။
အဆိုပါပြုပြောင်းလဲရေး စီမံကိန်းကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်လုပ်ဆောင်ခဲ့ပြီး ယခုထောက်ပံ့ ကူညီမှုသည် ပညာသင်ထောက်ပံ့ကြေး အစီအစဉ်များ တိုးချဲ့ရန်နှင့် အရည်အသွေး တိုးတက်စေရန် အတွက် ထပ်ဆောင်းရန်ပုံငွေဖြစ်ပြီး ယနေ့အထိ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၅ သန်းအထိ ထောက်ပံ့ထားပြီးဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုက တိုင်းသူပြည်သားတွေရဲ့ လူသားအရင်းအမြစ် အပေါ် အဓိက မူတည်နေပါတယ်။ ဒါကြောင့် ဒိန်းမတ်နိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့ ကလေး ငယ်တွေဆီမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ဆုံးဖြတ်ခံတာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr.John Nielsen က ပြောကြားကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ်နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်သည့် စီမံကိန်းများကြောင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီသီးရှိ အခြေခံပညာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ အစရှိသည့် ကျောင်းပေါင်း ၄၉၅၀၀ ကို တစ်နှစ်လျှင် နှစ်ကြိမ် ရန်ပုံငွေများ ထောက်ပံ့ပေးနိုင်ခဲ့ကာ မြို့နယ်စုစုပေါင်း ၅၅ မြို့နယ်မှ ကျောင်းထွက်လုနီးပါး ကလေး ငယ် နှစ်သန်းခန့်ကို ပညာသင်ထောက်ပံ့ကြေးများ ကူညီနိုင်ခဲ့သည်။
READ - PPTT ရေးဖြေအောင်စာရင်းများ မတ် ၂၅ ရက်တွင် ထုတ်ပြန်မည်
source: thevoice