ပညာရေးကောလိပ်တွေကို လေးနှစ်သင် ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်မည်

ပညာရေးကောလိပ်တွေကို လေးနှစ်သင် ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်မည်

တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ်အားလုံးကို လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ခြင်းကို လာမယ့် လေးနှစ်အတွင်း (၂၀၁၈-၂၀၂၁) အပြီးဆောင်ရွက်သွားမှာ ဖြစ်ပြီး ပေးအပ်မယ့် ဘွဲ့အမျိုးအစားကိုတော့ သတ်မှတ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ပညာရေးကောလိပ်တွေ အဆင့်မြှင့်တင်ခြင်းကို လာမယ့်နှစ် ဒီဇင်ဘာလ စတင်မှာဖြစ်ပြီး ပထမဆုံး အနေနဲ့ ရန်ကင်း၊ တောင်ငူ၊ မန္တလေး၊ လားရှိုးရှိ ပညာရေးကောလိပ်တွေကို အဆင့်မြှင့်တင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ နှစ်နှစ်သင်ပညာ ရေးကောလိပ်တွေကနေ မူလတန်းပြ ဆရာဆရာမတွေ မွေးထုတ်ပေးနေတာ ဖြစ်ပြီးဆရာအတတ်ပညာဒီပလိုမာဘွဲ့ကို ပေးအပ်နေတာဖြစ်ပါတယ်။

READ - နိုင်ငံခြားဘာသာစကား အခြေခံ ၁ သင်တန်း လျှောက်လွှာခေါ်ယူ

နောက်နှစ်တော့ လေးကျောင်းပေါ့၊ ပြီးရင်တော့ ကျွန်တော်တို့ မှန်းထားတာတော့ တက်နိုင်တယ်၊ ထရိန်နင်တွေလဲ ကောင်းမွန်စွာ ပေးနိုင်မယ်ဆိုရင်တော့ နောက်ရှစ်ကျောင်း နောက်တစ်ခါတော့ ၁၂ ကျောင်း၊ ၁၂ကျောင်းကနေ နောက်ကျန်နေသေးတဲ့ ၁၃ ကျောင်းဒီလိုမျိုးသွားမှာပေါ့လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

အခုလို နှစ်နှစ်သင်ပညာရေးကောလိပ်တွေကို လေးနှစ်သင်ပညာရေးကောလိပ်တွေအဖြစ် အဆင့်မြှင့်ခြင်းဖြင့် ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုအရည်အသွေး တွေ တိုးတက်လာနိုင်သလို ဘွဲ့တစ်ခုရဖို့ တခြားကျောင်းတွေမှာ ပြန်တက်စရာမလိုတော့တဲ့အတွက် စာသင်ကျောင်းထဲမှာ အချိန်ပြည့်ရှိ နိုင်တော့မှာဖြစ်ပါတယ်။

စာသင်ကျောင်းထဲမှာ အချိန်ပြည့်ရှိနိုင်တဲ့အတွက်လည်း ကျောင်းသားအတွက် ပိုပြီး အချိန်ပေးလာနိုင်မယ်လို့ သိရပါတယ်။

ဆရာအတတ်သင်ဒီပလိုမာသင်တန်း D.TEd (၂၀/၁၅) ၊ (၂၁/၁၆) တွေနဲ့ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်သင်တန်းတွေက ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ သင်တန်းပြီးဆုံးမှာ ဖြစ်ပါတယ်။

ဘွဲ့ပေးမှာပေါ့၊ ပညာရေးဘွဲ့ပဲဖြစ်မှာပါ၊ ပညာရေးဘွဲ့တွေလဲရှိနေပြီ ဖြစ်တဲ့အတွက် ဒါကိုတော့ ပြန်လည်ပြီးတော့မှ NEPCနဲ့ ပြန်လည်တိုင်ပင်ပြီးတော့မှ ကျွန်တော်တို့ ဘွဲ့ပေးရမှာဖြစ်ပါတယ်လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

အခုလိုပညာရေးဝန်ကြီးဌာနအနေနဲ့ နှစ်နှစ်သင်ပညာရေးကောလိပ်တွေကနေ လေးနှစ်သင်ပညာရေး ကောလိပ်တွေ အဆင့်မြှင့်တင်ပေးခြင်းဟာ အခြေခံ ပညာကဏ္ဍအတွက်ဆရာ၊ ဆရာမတွေ ရဲ့ သင်ကြားမှုစွမ်းရည်တွေကို များစွာ တိုးတက်လာစေမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲတဲ့ နေရာမှာလည်း တစ်ခု အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

 

News Read 5593 times