ထိုသို့ တက်ရောက်ခွင့်ရရှိသူများသည် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ အောင်မြင်ပြီး နည်းပညာတက္ကသိုလ် ပထမနှစ် တက်ရောက်ခဲ့သော်လည်း ဆက်လက်တက်ရောက်ခြင်းမရှိသော သူများ ၊ နည်းပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိပြီး အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်ခြင်းမရှိသူများသာ တက်ရောက်နိုင်ပြီး ရိုးရိုးအောင်မြင်သူများ တက်ရောက်ခွင့်မရှိပါ။
ယခုပညာသင်နှစ်တွင် အဝေးသင်တက်ရောက်ရန် လျှောက်လွှာတင်ထားသောသူများအနေဖြင့် ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီလ ၁၅ ရက်နေ့မှစတင်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသော မေဂျာနှင့် ကျောင်းကို စုံစမ်းနိုင်ပါသည်။
ဘာလို့တက်ရောက်ခွင့်ပေးတာလည်းဆိုတော့ အကြောင်းကြောင်းကြောင့် နည်းပညာတက္ကသိုလ်ကို မတက်ရောက်ဖြစ်ခဲ့သူတွေက ဘွဲ့ရဖို့မရှိတော့ဘူး။
ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်တွေကို မဆုံးရှုံးအောင် ပညာရေးဝန်ကြီးဌာနကနေ ဆောင်ရွက်ပေးတာဖြစ်ပါသည်။
တက်ရောက်လိုသူများအနေဖြင့် နည်းပညာတက္ကသိုလ်ကျောင်းထွက်လက်မှတ် ၊ နည်းပညာအထက်တန်းကျောင်းအမှတ်စာရင်း ၊ နည်းပညာအထက်တန်းကျောင်းအောင်လက်မှတ်များနှင့်တကွ ရန်ကုန်မြို့ရှိ အဆင့်မြင့်ပညာဦးစီးဌာန (ရုံးခွဲ) သထုံလမ်းသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
အစိုးရနည်းပညာ အထက်တန်းကျောင်းများကို အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသောသူများကို တက်ရောက်ခွင့်ပေးပြီး သင်တန်းကာလ နှစ်နှစ်ပြီးဆုံးပါက ထူးချွန်အောင်မြင်သူများသည် နည်းပညာတက္ကသိုလ်များသို့ တက်ရောက်ခွင့်ပေးအပ်ပြီး ရိုးရိုးအောင်မြင်သူများကို လုပ်ငန်းခွင်လက်တွေ့သင်တန်းလေးလ ထပ်မံတက်ရောက်စေမည် ဖြစ်ပါသည်။
Source: democracy