ရန်ကုန်တိုင်းဒေသကြီးရှိ ပညာရေးတက္ကသိုလ်၊ ကောလိပ်ဆင်းများ၊ သင်တန်းဆင်းပြီး အလုပ်မ၀င်ပါက ကိုယ်ပိုင်ကျောင်းများတွင် ဆရာအဖြစ် လုပ်ကိုင်နေသည့် ကိုယ်ပိုင်ကျောင်းဆရာ လက်မှတ် (Green Card) ထုတ်ပေးမည် မဟုတ်ဟု ကရင်တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး နော်ပန်းသဉ္ဖာမျိုးက ပြောသည်။
"နိုင်ငံတော်၏ ပံ့ပိုးမှုဖြင့် ပညာရေးတက္ကသိုလ်မှ ဖွင့်လှစ်သော B.Ed သင်တန်းဆင်း ပညာရေးဝန်ထမ်းများ၊ သင်တန်းဆင်း၍ တာဝန်ချထားပေးသော နေရာတွင် လုပ်ငန်းခွင် ၀င်ရောက်ခြင်းမရှိသော ၀န်ထမ်းများအား မည်ကဲ့သို့ ထိန်းညှိဆောင်ရွက်မည်နည်း" ဟု ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးသည် ဇွန်လတွင် ဆရာ၊ ဆရာမခန့်ထားမှု ပြုလုပ်ခဲ့ပြီး မိမိမြို့တွင် ဆရာ၊ ဆရာမ အ၀င်၊ အထွက် နှင့် ပတ်သက်၍ သေချာစွာ စိစစ်ပြီး ပြန်လည်တင်ပြရမည် ဖြစ်သည်။
PPTT (လုပ်ငန်းခွင်ကြို မူလတန်းဆရာအတတ်ပညာ သင်တန်း)၊ D.TEd (လုပ်ငန်းခွင်ကြိုဆရာ အတတ်ပညာဒီပလိုမာသင်တန်း) အသစ် ၀င်သူအားလုံး အလုပ်မ၀င်လျှင် လျော်ကြေးပေးသွင်း စေမည် ဖြစ်ကြောင်း၊ ပေးသွင်းခြင်းမရှိ၊ အလုပ်မ၀င်လျှင် ကိုယ်ပိုင်ကျောင်း ဆရာ လက်မှတ် (Green Card) ထုတ်ပေးသည့် အဆင့် အထိ (လုံးဝ) ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ပြောသည်။
ပညာရေးကောလိပ်များက ၂၀၁၈ ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် D.TEd သင်တန်းဝင်ခွင့်ခေါ်ယူမှုတွင် သင်တန်းကာလပြီးဆုံးပြီး အစိုးရကျောင်းများ သုံးနှစ် တာဝန်မထမ်းဆောင်ပါက ကျပ်သုံးသိန်း ပေးဆောင်ရမည် ဟု ကြေညာထားသည်။
ပညာရေးတက္ကသိုလ်နှင့် ကောလိပ်ဆင်းများ အစိုးရ အခြေခံပညာကျောင်းများတွင် အလုပ်မ၀င်ပါက လျော်ကြေးပေးဆောင်ရမည် ဖြစ်ပြီး လျော်ကြေးမပေးသူများကို ဆရာဖြစ် လက်မှတ် ထုတ်ပေးမည် မဟုတ်ဟု ကြေညာထားသည်။
"ပညာရေးဌာနက ဆရာမတွေ အလုပ်ထွက်တာများနေလို့ အဲဒီဆရာမတွေ အလုပ်ထွက်ရင် Green Card ပေးမလုပ်ဘူးပေါ့" ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်ကို တိုင်းဒေသကြီး ပညာရေးမှူးရုံးများက ထုတ်ပေးခြင်းဖြစ်ပြီး ယခင်နှစ်များက ကိုယ်ပိုင်ကျောင်းဆရာ လက်မှတ်ထုတ်ပေးသည့် စည်းကမ်းသတ်မှတ်ချက်များတွင် ထိုအချက်မပါဝင်ဟု ၄င်းကဆိုသည်။
ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်ဆင်း အချို့သည် သင်တန်းပြီးပါက အစိုးရကျောင်းများသို့ အလုပ်ဝင်ခြင်းမရှိဘဲ ကိုယ်ပိုင်ကျောင်းသင် ဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်မှုများ ရှိလာခြင်းကြောင့် ထိုသို့ ထိန်းချုပ်ခြင်းဖြစ်နိုင်သည်ဟု ကိုယ်ပိုင်ကျောင်းပိုင်ရှင်တစ်ဦးက မှတ်ချက်ပြုသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: 7 day journal