ယခုနှစ် စတင်ဖွင့်လှစ်သည့် လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များတွင် ကျောင်းသား/သူ (၃၃၇၀) ခေါ်ယူမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားပါသည်။
တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် (၂၅)ကျောင်းတွင် အမျိုးသားဦးရေ ရာခိုင်နှုန်း (၅၀) အချိုးကျခေါ်ယူမည်ဖြစ်ပါသည်။
“ မြို့နယ်မှာရှိတဲ့ မူလတန်းကျောင်းသား အရည်အတွက်နဲ့ ပညာရေးကောလိပ်ရဲ့ ဝင်ဆံ့အားနဲ့ကြည့်ပြီး ရွေးချယ်မယ် " ဟုဒေါက်တာအောင်အောင်မင်းက ပြောပါသည်။
သင်တန်းကာလမှာ လေးနှစ် တက်ရောက်ရမည်ဖြစ်ပြီး B.Sc(Education), BA (Education) ဘွဲ့ပေးအပ်မည်ဖြစ်ကြောင်း သိရပါသည်။
ယမန်နှစ်အထိ ပညာရေးကောလိပ်များတွင် နှစ်နှစ်သင်ပညာရေး သင်တန်းများအဖြစ်ဖွင့်လှစ်ခဲ့ပြီး ဒီပလိုမာသာ ပေးအပ်ခဲ့ပါသည်။
ယခုနှစ်လေးနှစ်သင် သင်တန်းများအတွက် သင်ရိုးညွှန်းတမ်းများကို UNESCO STEM Project (Strengthening Pre-Service Teacher Education in Myanmar) နှင့်ပြည်တွင်းရှိ ပညာရှင်များပူးပေါင်းရေးဆွဲခဲ့ကြောင်းသိရပါသည်။
“ အဲဒီ Textbook ကို ရန်ကင်းပညာရေး ကောလိပ်နှင့်မန္တလေးပညာရေးကောလိပ်မှာ Pilot Text သင်ကြည့်တယ်။ အသင်ခံရတဲ့ ကျောင်းသားရော အဆင်ပြေလား သင်ရတဲ့ဆရာရော အဆင်ပြေလား သင်ကြည့်တယ်။ အဲ့ဒါကိုကြည့်ပြီးမှ ပုံနှိပ်တွေ ထုတ်တယ်။ အကုန်အဆင်သင့်ဖြစ်ပါပြီ " ဟု ဒေါက်တာအောင်အောင်မင်းက ပြောကြားပါသည်။
Read More: ပညာရေး ဒီဂရီကောလိပ် ၂၅ ခု ၀င်ခွင့်
ယခင်ပညာရေးကောလိပ်များတွင် မသန်စွမ်းသူများ၊ စကားထစ်သူများ မပါဝင်စေရန် လူတွေ့စစ်ဆေးမှုများရှိခဲ့သော် သုံးနှစ်အတွင်း ဖြေလျှော့ပေးမှုများရှိခဲ့ကြောင်း ဒေါက်တာအောင်အောင်မင်းက ပြောကြားခဲ့ပါသည်။
“ ငါးနှစ်ကလေး ခြောက်နှစ်ကလေးကို စာသင်ရမှာလေ၊ ဆရာက စကားထစ်နေရင် တစ်တန်းလုံးက လိုက်ထစ်ရော၊ မူလတန်းပြက အရေးကြီးဆုံးပဲလေ။ ကလေးအတွက် Role Model ဆရာက ပဲလေ။ အခုကျတော့ ဥပဒေတွေ ဘာတွေကျတော့ Disable လည်းမရတော့ဘူး။ Gender ခွဲခြားမရတော့ဘူး။ အားလုံးလက်ခံထားရမှာ " ဟုဒေါက်တာအောင်အောင်မင်းကပြောကြားခဲ့ပါသည်။
ပညာရေး ဒီဂရီကောလိပ်များအဖြစ်ဖွင့်လှစ်မည့် ပညာရေး ကောလိပ်များတွင် တက်ရောက်ခွင့်ရရှိသောသူများသည် သင်တန်းပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်ပြီး ဘွဲ့ရရှိပြီးပါက နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ရမည်ဟု ဝန်ခံကတိ လက်မှတ်ထိုးရမည်ဖြစ်ကြောင်းသိရပါသည်။
ခံဝန်စာချုပ်ကို လိုက်နာရန် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ်ငါးသိန်းနှင့် တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် အညီအရေးယူခြင်းခံရမည်ဟု ဝင်ခွင့်စာအုပ်တွင် ကြေညာထားပါသည်။
Source; Daily Eleven