ယင်းအပြင် စာဖြေခန်းအတွင်းသို့ ဘာသာရေးနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ၊ အဆောင်အယောင်များကိုလည်း ယူဆောင်ခွင့်ပေးမည် မဟုတ်ပါ။
စာဖြေရာတွင် အထောက်အကူဖြစ်စေမည့် ပစ္စည်းများမှ လွဲ၍ အခြားမည့်သည့် ပစ္စည်းကိုမှ ယူဆောင်ခွင့်ပေးမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ သိရသည်။
“စာဖြေခန်းထဲကို ကျောင်းသား၊ ကျောင်းသူများ အများစု ကိုင်ဆောင်တဲ့ ဘောလ်ပင်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်၊ သာမန်လက်ပတ်နာရီ တွေလောက်ကိုပဲ ယူဆောင်ခွင့်ပေးမှာပါ။ အခြားပစ္စည်းများကို တော့ ယူဆောင်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဒီခေတ်က နည်းပညာခေတ်ပါ။ အီလက်ထရွန်နစ်ပစ္စည်းတွေက လိုသလို လုပ်ယူလို့ရတဲ့အနေအထားတွေ ဖြစ်တဲ့အတွက် မသမာမှုများမရှိအောင် တားမြစ်တာပါ။ အခန်းစောင့်တဲ့ ဆရာ ဆရာမများက မ၀င်ခင်မှာ သေချာစစ်ဆေးပါလိမ့်မယ်။ သာမန်အသုံးပြုတဲ့ပစ္စည်းတွေကလွဲလို့ သူတို့က ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖြေခန်းအတွင်းသို့ မေးခွန်းများ မဝေငှမီ အချိန်အတွင်း အချိန်မီရောက်ရှိရမည် ဖြစ်သည်။
စာဖြေခန်းအတွင်းဖြေဆိုနေစဉ်တွင် အဖြေလွှာ၌ အမှတ်အသားဟုယူဆရသည့် ခြစ်ရာ၊ ဖျက်ရာများကို အထူးဂရုပြု ရှောင်ကြဉ်ရမည်ဖြစ်ပြီး စာစစ်သူအား အသနားခံသည့် ရေးသားမှုများ၊ စာစစ်သူကို ခြိမ်းခြောက်စာများ၊ အခန်းစောင့်ဆရာ၊ ဆရာမများကို ခြိမ်းခြောက်သည့် စာများရေးသားခြင်း မပြုလုပ်ရန်ကိုလည်း တားမြစ်ထားပြီး မသမာမှုပြုလုပ်ပါက အခန်းစောင့်ဆရာ၊ ဆရာမများ၏ မှတ်ချက်ဖြင့် ပယ်ဖျက်သွားမည် ဖြစ်သည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းကို ကျောင်းသား၊ ကျောင်းသူ ရှစ်သိန်းလေးသောင်းကျော်ဝင် ရောက်ဖြေဆိုမည်ဖြစ်ပြီး စာစစ်ဌာန ၁၄၀၀ ကျော် ဖွင့်လှစ်ထားသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: democracy today