ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့မှာ ယခုလ ၁၀ ရက်နှင့် ၁၂ ရက်တို့တွင် Present Around The World ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ ကျောင်းပြီးထားသူများ၊ တက်ရောက်ဆဲကျောင်းသား၊ ကျောင်းသူများ အသက် ၁၈ နှစ်ပြည့် ပြီး အသက် ၃၀ အတွင်း ရှိသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း The Institution of Engineering and Technology (IET) မှ သိရသည်။
“ဒီပြိုင်ပွဲအတွက် တစ်နိုင်ငံလုံးက တက္ကသိုလ်ကျောင်းတွေကို ဖိတ်ခေါ်ထားပါတယ်၊ အထက် မြန်မာပြည်နဲ့ အောက်မြန်မာပြည် နှစ်ခုပေါင်းယှဉ်ပြိုင်မှုတွေပြီးရင် မြန်မာနိုင်ငံ အဆင့်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ပြီး ပထမရတဲ့သူက စင်ကာပူမှာ လုပ်မယ့် ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်” ဟုပြောသည်။
READ - လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အတွက် လျှောက်လွှာ ခေါ်ယူခြင်း
ပြိုင်ပွဲကို ယခုလ ၁၂ ရက်တွင် မြန်မာပြည်အထက်ပိုင်းကိုယ်စားပြု ရွေးချယ်ပွဲအဖြစ် မန္တလေးနည်း ပညာ တက္ကသိုလ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယခုလ ၁၀ ရက်တွင် အောက်မြန်မာပြည် ကိုယ်စားပြုရွေးချယ်ပွဲအဖြစ် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ထိုပြိုင်ပွဲများတွင် အင်ဂျင်နီယာ သို့မဟုတ် နည်းပညာအကြောင်းအရာ Presentation ကို အင်္ဂလိပ်လို ၁၀ မိနစ်ကြာ တင်ပြယှဉ်ပြိုင်ရမည်ဖြစ်သည်။
“ဆုတွေကတော့ အထက်မြန်မာပြည်အတွက် ပြိုင်ပွဲနဲ့ အောက်မြန်မာပြည်ပြိုင်ပွဲတွေမှာ ပထမဆုအဖြစ် ယူရို ၁၀၀ ချီးမြှင့်ခြင်းခံရမှာပါ။ မြန်မာပြည်ကိုယ်စားပြု ပြိုင်ပွဲကိုတော့ လက်ရွေးစင် ခုနှစ်ယောက်၊ ရှစ်ယောက်လောက် တက်လာပါလိမ့်မယ်။ သူတို့ထဲက ပထမရတဲ့ သူတစ်ဦးကသာ စင်ကာပူနိုင်ငံမှာ ပြုလုပ်မယ့် ပြိုင်ပွဲကို မြန်မာပြည်ကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာပါ” ဟု ပြောသည်။
အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ပြိုင်ပွဲများ ပြီးဆုံးပါက မြန်မာနိုင်ငံအဆင့် ပြိုင်ပွဲကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today