၁. ဂဏန်းပိုင်းဆိုင်ရာ လေ့လာသင်ယူမှု
Preschool အရွယ်ကလေးများဖြစ်တာကြောင့် အခြေခံကိန်းဂဏန်းဖြစ်တဲ့ ပေါင်း၊ နုတ်၊ မြှောက်၊ စား လက္ခဏာ များကို သေသေချာချာ သင်ယူစေခြင်းများ လုပ်ဆောင်သင့်ပါတယ်။ ရေတွက်ခြင်းအတွက် သင်ကြားမှုမှာ အန်စာတုံးပေါ်က အရေအတွက်များ၊ ကြီးစဉ်ငယ်လိုက်၊ ငယ်စဉ်ကြီးလိုက် စီစဉ်မှုဆိုင်ရာ လေ့လာမှု ပုံစံများနဲ့ သင်ကြားပေးသင့်ပါတယ်။
၂. ပုံသဏ္ဍာန်ဆိုင်ရာ လေ့လာသင်ယူမှု
စက်ဝိုင်း၊ တြိဂံ၊ လေးထောင့် အစရှိတဲ့ ပုံပန်းသဏ္ဍာန်တွေကို သင်ကြားပေးခြင်း ဖြစ်ပါတယ်။ ကလေးငယ်များကို ပန်းပုံ၊ တိရစ္ဆာန်ပုံများ၊ အသည်းပုံ၊ လပုံများထိအောင် ရေးဆွဲစေခြင်းဖြစ်စေ၊ အပိုင်းတစ်ခု စီကို ပန်းပုံ၊ အိမ်ပုံ ရရှိအောင် စီစဉ်စေခြင်းမျိုးတို့ကို သင်ကြားပေးသင့်ပါတယ်။
၃. အရောင်လေ့လာသင်ယူမှု
ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ၊ တိရစ္ဆာန်များရဲ့အရောင်တွေကို ဥပမာခိုင်းနှုန်းပြခြင်းမျိုးနဲ့ အခြေခံ အဖြူ၊ အမည်းရောင်တွေကို မှတ်မိအောင် သင်ကြားသင့်ပါတယ်။ နောက်ပိုင်းမှာတော့ အရောင်အသေးစိတ်ကို မှတ်သားစေခြင်း၊ မေးခွန်းများ မေးမြန်းပြီး အရောင်ခွဲခြားသိရှိစေခြင်း၊ အရောင်ခြယ်ရေးဆွဲစေခြင်း သင်ကြားပေးရမှာ ဖြစ်ပါတယ်။
၎. စာလုံးများဆိုင်ရာ လေ့လာသင်ယူမှု
စကားလုံးသင်ကြားရေးမှာ ရေးခြင်း၊ ဖတ်ခြင်းကို စတင်သင်ကြားခြင်းထက် ကလေးငယ်များ စိတ်ပါဝင်စားမယ့် အရောင်ပိုင်းဆိုင်ရာပါရှိတဲ့ ချစ်စဖွယ်စာလုံးများကို ပြသမှတ်သားစေခြင်း၊ အရေးသင်ကြားမှု မသင်ခင်မှာ မြင်တာနဲ့ သိရုံ၊ မှတ်မိစေရုံပဲ သင်ကြားခြင်းမျိုး ကို အရင်လုပ်ဆောင်ပေးသင့်ပါတယ်။
၅. ပူးပေါင်းကစားစေမှုဆိုင်ရာ လေ့လာမှု
ကလေးငယ်များကို စုပေါင်းကစားချိန်သတ်မှတ်ပြီး ကစားခွင့်ပေးပြီး ကစားရမည့် နည်းလမ်းများကို ပြောပေးပြီး ကစားနည်းအတွင်း ၀င်ရောက်ကစားခြင်းမပြုဘဲ သူတို့ကိုယ်တိုင် ကစားပါစေ။ ကလေးငယ်များကို ကစားနည်းအတွင်း အချင်းချင်းညှိနှိုင်းကစားမှုကို လုပ်ဆောင်တတ်အောင် လမ်းညွှန်ပေးပြီး စုပေါင်းလုပ်ဆောင် တတ်မှုကို သင်ကြားပေးရာရောက်သလို စိတ်ကူးစိတ်သန်းထွက်ပေါ်မှုကိုလည်း အားကောင်းလာစေမှာ ဖြစ်ပါတယ်။
၆. လက်ချောင်းများဆိုင်ရာ လေ့လာသင်ယူမှု
လက်မောင်းတစ်ခုလုံးစာ လေ့လာသင်ယူမှုအတွက် မဟုတ်ဘဲ လက်ချောင်းများဆိုင်ရာ သန်မာကျင့်သား ရအောင် လေ့လာစေမှုမျိုးကို သင်ကြားပေးရမှာ ဖြစ်ပါတယ်။
၇. ကိုယ်ခန္ဓာဆိုင်ရာ လေ့လာသင်ယူမှု
အားကစားတစ်ခုခုကို ပြင်းပြင်းထန်ထန် မကစားနိုင်သေးတဲ့အရွယ်မှာ ဘောလုံးများနဲ့ ကစားခြင်း၊ လှေကားထစ်များ တက်စေခြင်း၊ ပိုက်လုံးစီးစေခြင်း၊ တွယ်တက်ခြင်း ကစားနည်းများ၊ ခုန်နိုင်၊ မြှောက်နိုင်သော ကစားစရာများနဲ့ ဆော့ကစားစေခြင်းများက ကိုယ်ခန္ဓာဆိုင်ရာ ကြံ့ခိုင်မှုကို အကောင်းဆုံး အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။
၈. လူမှုရေးဆိုင်ရာ လေ့လာသင်ယူမှု
ပျော်ရွှင်စရာကာတွန်းပုံလေးတွေနဲ့ပဲဖြစ်စေ၊ ကလေးငယ်တွေရဲ့ပုံနဲ့ပဲဖြစ်စေ၊ မျက်နှာအနေအထား အပေါ်မူတည်ပြီး စိတ်ဆိုးနေခြင်း၊ ပျော်ရွှင်နေခြင်း၊ စဉ်းစားနေခြင်း၊ စိတ်လှုပ်ရှားနေခြင်း စတဲ့ ပုံသဏ္ဍာန်များကို ပုံနဲ့အတူ စာပါတစ်ပါတည်း ရေးသားမှတ်သားစေခြင်းဖြင့် လူမှုဆက်ဆံရေးအပိုင်းမှာ အကောင်းဆုံး ဆက်ဆံတတ်မှုနဲ့ သိတတ်မှုကို ဖြစ်စေမှာပါ။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။