အခြေခံပညာအတွက် လိုအပ်နေသော ဆရာ၊ ဆရာမ ရာထူးနေရာများကို ဖြည့်ဆည်းရန် ခွင့်ပြုချက်ကျပြီဖြစ်သည့်အတွက် ရက်ပိုင်းအတွင်းခေါ်ယူတော့မည်ဖြစ်ကြောင်းသိရသည်။
အခြေခံပညာကဏ္ဍတွင် လိုအပ်နေသော ဆရာ၊ ဆရာမ ရာထူးနေရာများကို ပြင်ပဘွဲ့ရ နေ့စားလပေးများဖြင့် ဖြည့်ဆည်းရန် အစိုးရအဖွဲ့ကို တင်ပြထားရာ သြဂုတ် (၁) ရက်တွင် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးသည်ဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ခေါ်ယူတော့မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဖြည့်ဆည်းခန့်ထားရာတွင် ဝေးလံခေါင်ဖျားဒေသများရှိ ကျောင်းများအတွက် အဓိကဖြည့်ဆည်းခန့်ထားသွားမည်ဖြစ်ကြောင်း သြဂုတ် (၂) ရက်က ရန်ကုန်တက္ကသိုလ်တွင် ကျင်းပသည့် မြန်မာနိုင်ငံရှိကျောင်းအုပ်ကြီးများနှင့် လုပ်ငန်းခွင်မှ ဆရာ၊ ဆရာမများ၏ တန်းတူညီမျှသော အရည်အသွေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားအဆင့် အညွှန်းမူဘောင် အဆိုပြုရေးဆွဲရေး အမျိုးသားမူဝါဒ နှီးနှောဖလှယ်ပွဲမှသိရသည်။
“မူလတန်းပြလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ၂၀၁၅ ခုနှစ်ကနေပြီးတော့ ခန့်ခဲ့တာ ကိုးသောင်းလောက်ရှိပါတယ်။ ဒီလိုဘွဲ့ရနေ့စား သံသရာကတော့ ဆက်ပြီးရှိနေဦးမှာလို့ထောက်ပြလိုပါတယ်။ အခုကေဂျီအတွက် လိုနေတဲ့ ဆရာတွေ၊ ဆရာမတွေ အထက်တန်းအတွက်လိုနေတဲ့ ဆရာတွေ၊ ဆရာမတွေကို တိုးပြီးခန့်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေကို ခေါ်ယူဖို့ပါ။ ကျွန်တော်တို့ စံနမူနာ သတ်မှတ်ချက်တွေရှိပါတယ်။ SAT ဆိုရင် မာစတာတို့ Ph.D ရတဲ့လူတွေကိုပြင်ပကနေခေါ်ယူပြီးတော့ မူလတန်းရော၊ အလယ်တန်းရော၊ အထက်တန်းရော ခေါ်ယူဖို့ မနေ့ကမှ လက်ထဲကို အစိုးရအဖွဲ့ရဲ့သဘောတူညီချက်စာရောက်ပါတယ်” ဟု အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းကပြောကြားသည်။
အခြေခံပညာ ကဏ္ဍတွင် နေ့စားလပေးဆရာ၊ ဆရာမများကိုခေါ်ယူခန့်ထားခြင်းအား နှစ်နှစ်ခန့်ရပ်ဆိုင်းထားခဲ့ပြီး ကျောင်းအဆင့်တိုးများပြားခြင်း၊ ဝေးလံခေါ်င်ဖျားဒေသများ၏ ဆရာ၊ ဆရာမ လိုအပ်ချက် များပြားနေခြင်းများကြောင့် နေ့စားလပေး ဆရာ၊ ဆရာမများကို ယခုနှစ်တွင်ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ရာ လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ခြင်းကြောင့်လည်း နေ့စားလပေးများ ပြန်လည်ခေါ်ယူရခြင်းဖြစ်ကြောင်းသိရသည်။
Read More>>> ဦးစားပေးပြည့်စုံစွာ ဖော်ပြလျှောက်ထားခြင်းမရှိသဖြင့် ဆိုင်းငံ့ရသူများ
“ဝေးလံခေါင်ဖျားနေရာတွေမှာ အထူးသဖြင့်ခန့်ဖို့ရှိပါတယ်။ လိုအပ်တဲ့နေရာတွေကတော့ ဝေးလံခေါင်ဖျား တော်တော်ကြီးကိုခက်ခဲတဲ့ နေရာတွေဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် တော်တော်များပါတယ်။ ကချင်ပြည်နယ်မှာ ရေခဲပြင်ကိုဖြတ်ပြီး ကျောင်းကိုသွားရတဲ့နေရာတွေ၊ ဘ၀ကိုရင်းနှီးမြှုပ်နှံထားတဲ့ ဆရာတွေ ရှိပါတယ်။ အဲ့ဒီလိုနေရာတွေမှာ ဆရာလိုအပ်ချက်အတွက် ဖြည့်ဆည်းဖို့ရှိပါတယ်” ဟု ဦးကိုလေးဝင်းကပြောကြားသည်။
အခြေခံပညာလိုအပ်နေသော ဆရာ၊ ဆရာမ နေရာများအတွက် အရေးပေါ်လိုအပ်ပါက ဒေသခံဘွဲ့ရ၊ တက္ကသိုလ်ဝင်တန်းအောင်များအပြင် န၀မတန်းအောင်မြင်သူများကိုပါ ခေါ်ယူခန့်ထားနေရကြောင်းသိရပါသည်။
Source: Democracy