၃ ဘာသာနှင့်အထက် ဂုဏ်ထူးရကျောင်းသား ၂၁၀ ကျော် မည်သည့်တက္ကသိုလ်မှ ဝင်ခွင့်မရသေး

၃ ဘာသာနှင့်အထက် ဂုဏ်ထူးရကျောင်းသား ၂၁၀ ကျော် မည်သည့်တက္ကသိုလ်မှ ဝင်ခွင့်မရသေး

ယခုနှစ် မတ်လက ဖြေခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရမှတ် ၄၅၀ ကျော်မှ ၅၁၄ မှတ်အတွင်းရသည့် ကျောင်းသား၊ ကျောင်းသူ ၂၁၀ ကျော် မည်သည့်တက္ကသိုလ်မှ ဝင်ခွင့်မရသေးဘဲရှိနေပြီး ၎င်းတို့အတွက်သီးခြားဝင်ခွင့်စနစ် တစ်ခုဖြင့်လက်ခံနိုင်ရေး ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများစာရင်းကို အဆင့်မြင့်ပညာဦးစီးဌာနက တိုက်ရိုက်ဝင်ခွင့်ခေါ်သည့်တက္ကသိုလ် ၁၁ ခုသို့ ပေးပို့ပြီး အဆိုပါစာရင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၁၁ ဦးပါဝင်သည်။

၎င်းတို့သည် ဆယ်တန်းစာမေးပွဲ ရမှတ် ၄၅၁ မှတ်မှ ၅၁၄ မှတ်အတွင်း ရထားသူများဖြစ်ရာ ၃ ဘာသာနှင့်အထက် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက “ကျောင်းသား အကုန်လုံးတော့ ဟုတ်ချင်မှဟုတ်မှာပါ။ သူတို့က ဆေးတက္ကသိုလ်တစ်ခု တည်းလျှောက်လိုက်တာ။ ကျန်တာမပါဘူး (တခြားတက္ကသိုလ်များကို မလျှောက်ဟု ဆိုလိုခြင်းဖြစ်သည်)။ တစ်ခုတည်း လျှောက်လိုက်တာ” ဟု ဝင်ခွင့်မရသည့် အကြောင်းအရင်း ဖြစ်နိုင်ခြေကိုပြောသည်။

ယခုနှစ်တွင် ဆေးကျောင်းဝင်ခွင့်ကို ဆယ်တန်းရမှတ် ၅၁၅ မှတ် အနိမ့်ဆုံးရသော ကျောင်းသူများနှင့် ၅၀၅ မှတ်အနိမ့်ဆုံးရသော ကျောင်းသားများသာ ဝင်ခွင့်ရခြင်းဖြစ်ပြီး တိုက်ရိုက်ဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ် ၁၁ ခုအနက် တက္ကသိုလ် ၃ ခုမှာလည်း တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နှင့် လူတွေ့စစ်ဆေးမှုရမှတ်ပေါင်းဖြင့်သာ ဝင်ခွင့်ပြုခြင်းဖြစ်သည်။

ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဦးဇော်ဝေစိုးက “သူတို့က ဆေးတက္ကသိုလ်လျှောက်ပြီး မဝင်တဲ့သူတွေဖြစ်မယ်။ သူတို့အတွက် အင်တာဗျူးနဲ့လုပ်ပြီးရွေးတဲ့တက္ကသိုလ်တွေရယ်၊ ပါမောက္ခချုပ်များ ကော်မတီပါရင်လည်း ပါမယ်။ မပါလည်းရတယ်။

ဒါကို သေချာပြန်ပြီး ဆွေးနွေးဆုံးဖြတ်ဖို့ အကြံပြုထားတယ်။ ဒါနဲ့ပတ်သက်သူ အားလုံးကို သူတို့အတွက် စနစ်တစ်ခုပြန်ပြီး စီစဉ်ပေးရမယ်။ ဒီရက်ပိုင်းအတွင်းပေါ့” ဟု ပြောကြားသည်။

ဝင်ခွင့်မရသည့် ကျောင်းသားများအတွက် ၁၇၃ ကျောင်းမှ ကျောင်းအုပ်များ၊ ပါမောက္ခချုပ်များဖြင့်ဖွဲ့စည်းထားသည့် ပါမောက္ခချုပ်များကော်မတီအစည်း အဝေးကို နိုဝင်ဘာလ ၁၆ ရက်တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုလကုန်ပိုင်းတွင် ဝင်ခွင့်မရသည့် ကျောင်းသားများအတွက် သီးခြားဝင်ခွင့်လမ်းညွှန်တစ်ခု ထပ်ထွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူ ၂၆၀,၀၀၀ နီးပါးရှိပြီး ၎င်းတို့အနက် နေ့သင်တန်းအတွက် လျှောက်ထားသူ တစ်သိန်းတစ်သောင်းကျော်နှင့် အဝေးသင်တက်ရောက်ရန် လျှောက်ထား သူ ၁၃၀,၀၀၀ ခန့်၊ စုစုပေါင်း ၂၄၀,၀၀၀ နီးပါးရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၏ ဩဂုတ်လ ၂၃ ရက် စာရင်းအရ သိရသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: thevoice

News Read 6170 times