အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပန်းချီပညာဌာနသို့ လျှောက်ထားလိုသူများသည် လူတွေ့စစ်ဆေးရာတွင် ပန်းချီပညာကို လက်တွေ့ပြသရမည်ဖြစ်ပါသည်။
၎င်းပညာရပ်အပေါ်တွင် လက်တွေ့ပြသရမည်ဖြစ်ကြောင်းကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပန်းချီပညာဌာန ပါမောက္ခဌာနမှူး ဦးမြတ်ထွန်းအောင်၏ ပြောပြချက်အရ သိရပါသည်။
“ နှစ်စဉ်အတွေ့အကြုံအရ စိတ်ဝင်စားတယ်ဆိုပြီး လာလျှောက်ကြပေမယ့် ဘာမှပြင်ဆင်လာခြင်းမရှိဘူး။ ဒီနှစ်စိတ်ဝင်စားမှု ဘယ်လောက်ရှိသလဲဆိုတာ သက်သေပြဖို့စစ်ဆေးပါမယ်။ လူတွေ့စစ်ဆေးတဲ့အခါ ရေးဆွဲပြီးသားပန်းချီကားတွေကို ယူဆောင်လာရပါမယ်။ အဲဒီလိုမပါလာတဲ့ကျောင်းသား/သူ တွေကို လက်တွေ့ရေးဆွဲပြသစေမှာပါ။ အခုမှ လျှောက်လွှာလက်ခံဆောင်ရွက်နေတဲ့ အချိန်ဆိုတော့ လူတွေ့စစ်ဆေးမယ်ရက်က လိုပါသေးတယ်။ အခုကတည်းက ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါသေးတယ်" ဟု ဦးမြတ်ထွန်းအောင်က ပြောပါသည်။
ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် ကျောင်းသား/သူ များ၏ လျှောက်ထားမှုများကို လက်ခံနေပြီး လူတွေ့စစ်ဆေးမှု လုပ်ဆောင်ရာတွင် ပန်းချီပညာရပ်အပေါ် စိတ်ဝင်စားကြောင်း လက်တွေ့ပြသစေကာ စစ်ဆေးမည်ဖြစ်ပါသည်။
Read More>>>> စင်ကာပူ-မြန်မာသက်မွေး သင်တန်းကျောင်းမှ အလုပ်ရရှိမှု (၆၈%) ရှိခြင်း
“ ပန်းချီပညာဌာနအနေဖြင့် မနှစ်ကတုန်းကတော့ ကျောင်းသား/သူ (၅၀) ကျော်ပဲလက်ခံပါတယ်။ စိတ်ဝင်တစားလာလျှောက်ကြတဲ့ ကျောင်းသား/သူ တွေများတော့ ဒီနှစ်မှာ ကျောင်းသား/သူ (၇၀) ကျော်လောက်တိုးမြှင့်လက်ခံဖို့ စီစဉ်ထားပါတယ်" ဟု ဦးမြတ်ထွန်းအောင်ကပြောပါသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပန်းချီပညာဌာနသို့ လျှောက်ထားရန် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းမလိုဘဲ လက်ခံနေပြီး အောက်တိုဘာပထမပတ်အတွင်း လူတွေ့စစ်ဆေးရန်စီစဉ်ထားကြောင်းသိရပါသည်။
Source: မြဝတီ