“မိုဘိုင်းလ် app ဖြင့်စက်ဘီးငှားစီးနိုင်မည့်စနစ်များပေါ်ပေါက်လာရန် လိုအပ်”

“မိုဘိုင်းလ် app ဖြင့်စက်ဘီးငှားစီးနိုင်မည့်စနစ်များပေါ်ပေါက်လာရန် လိုအပ်”

နိုင်ငံတကာတက္ကသိုလ်များနည်းတူ မြန်မာနိုင်ငံရှိ တက္ကသိုလ်ဝင်းများအတွင်း မိုဘိုင်းလ် app ဖြင့်စက်ဘီးများငှားရမ်းစီးနင်းနိုင်သောစနစ်များ ဖြစ်ပေါ်လာရန် နိုင်ငံတော်၏ ပံ့ပိုးမှုနှင့် ရင်းနှီးမြှပ်နှံသူများ လိုအပ်နေဆဲဖြစ်ကြောင်း သိရပါသည်။

ဧပြီ ၈ ရက်တွင် Auston Collage Myanmar တွင်ပြုလုပ်သော “ တက္ကသိုလ်အတွင်းစက်ဘီးမျှဝေ သုံးစွဲခြင်းယဉ်ကျေးမှု အနာဂတ်ကိုအတူတကွစိတ်ကူးတည်ဆောက်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” မှသိရပါသည်။

“တက္ကသိုလ်တွေမှာ စက်ဘီးတွေနဲ့ တက္ကသိုလ်ကိုဖော်ဆောင်နိုင်ဖို့ရာ အစိုးရကနေပြီးတော့ အများကြီးထောက်ပံ့ပေးဖို့လိုပါတယ်။နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးမှသာ ပြည်ပကရော ပြည်တွင်းကစီးပွားရေး လုပ်ငန်းရှင်များကပါ လာရောက်ရင်းနှီးမြှုပ်နှံမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟုမြို့ပြဖွံ့ဖြိုးတိုးတက်မှု စီမံချက်တွင်ပါဝင်သည့် ဦးဇော်လင်းနိုင်က ဧပြီ ၈ ရက်ကပြောခဲ့ပါသည်။

ယင်းစနစ်သည် မကြာမီမြန်မာနိုင်ငံတွင် ပေါ်ထွန်းလာမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံရှိအာဆီယံ နည်းပညာတက္ကသိုလ်ရှိစက်ဘီး ငှားရမ်းသည့်စနစ်များအကြောင်းကိုလည်း တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများကို ရှင်းလင်းပြောပြခဲ့ပါသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်းများသည် ကျယ်ဝန်းသဖြင့် စာသင်ဆောင်များကို သွားလာသင်ယူရန်ခက်ခဲခြင်း၊ ကားဂိတ်နှင့်စာသင်ဆောင်များ အလှမ်းဝေးနေခြင်းများ ကြုံတွေ့နေရသဖြင့် ကျောင်းသားများဦးဆောင်ပါဝင်သော Bikes in Yangon အဖွဲ့မှတက္ကသိုလ်များတွင် စက်ဘီးစီးသင်တန်းများနှင့် စက်ဘီးငှားရမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

“Bikes in Yangon ကတော့ ၂၀၁၇ ခုနှစ်လောက်မှာ ရန်ကုန်တက္ကသိုလ်မှာ စက်ဘီးငှားမယ်ဆိုပြီးတော့ စတင်ဖွဲ့စည်းခဲ့တာပါ။ဒါပေမဲ့ ကံမကောင်းတာလားမသိပါဘူး။ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်မှာ လုပ်ခွင့်မရခဲ့ဘူး။ရေကြောင်းတက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ်မှာ လုပ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာလုပ်ခွင့်မရတဲ့အတွက် စက်ဘီးစီးသင်တန်းတွေကို လုပ်ခဲ့တယ်။ ပထမအနေနဲ့ ဘာကြောင့် စက်ဘီးအငှားစနစ် ဘာလို့လိုအပ်လဲဆိုတာကပြောချင်ပါတယ်။ ရန်ကုန်မြို့မှာ ကားတွေပိတ်နေတယ်။ တစ်နေရာနဲ့တစ်နေရာရွေ့ဖို့ခက်နေတယ်။ ကားပိတ်တယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ စက်ဘီးစသုံးကြည့်မယ်ပေါ့။ ရန်ကုန်မှာ စက်ဘီးတွေသုံးဖို့ အားလုံးမေ့နေကြတယ်။ အခုကျွန်တော်တို့ တက္ကသိုလ်တွေမှာ စခဲ့တယ်။ ရန်ကုန်က လေထုညစ်ညမ်းမှုဆိုးရွားလာတာများလာပြီ။ အဲဒီအတွက် စက်ဘီးက လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မယ်ပေါ့။ အဲလိုမျိုးနဲ့စဖြစ်ခဲ့ပါတယ်။ စုစုပေါင်း စက်ဘီး ၉၀ နဲ့စထားပါတယ်။ နိုင်ငံတကာမှာလို မိုဘိုင်းလ်ဖုန်းကနေတစ်ဆင့် QR Code တွေကို Scan ဖတ်ပြီးသော့ဖွင့်လို့ရတာတွေ၊ လမ်းကြောင်းတွေကို map ကနေကြည့်လို့ရတာမျိုးတွေတော့ နောင်တစ်ချိန်မှာ ဖြစ်လာမယ်လို့ ထင်ပါတယ်။ အချိန်အတိအကျတော့ မပြောနိုင်သေးပါဘူး” ဟု Bikes in Yangon က Operation Mananger မောင်ထက်ဘုန်းမြတ်နိုင် ကပြောပါသည်။

Source: Democracy

News Read 2083 times