နည်းပြ၊ သရုပ်ပြဆရာများ ကန့်ကွက်ထားသော ရာထူးတိုးစာမေးပွဲဖြေဆိုရန် သတ်မှတ်ချက်ကို ဆန့်ကျင်၍ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက စာမေးပွဲရက်ကို ဒီဇင်ဘာလ ၂၄ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။
ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမ များအနေနှင့် လက်ထောက်ကထိက ရာထူးတိုးအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေနှင့်အညီ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာခြင်း ဖြစ်သည်။
နည်းပြ၊ သရုပ်ပြများ ရာထူးတိုး စာမေးပွဲဖြေဆိုရန် သတ်မှတ်ချက်ကို ဒီဇင် ဘာလပထမပတ်တွင် တက္ကသိုလ်အချို့မှ ဆရာသမဂ္ဂများနှင့် ၂၀၁၅ ခန့် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ဒီဂရီကောလိပ်ဆရာ၊ ဆရာမများ ကိုယ်စားပြုကော်မတီက ကန့်ကွက်ကြောင်း သဘောထားများ ထုတ်ပြန်ခဲ့သည်။
ထို့အပြင် လက်ထောက်ကထိက ရာထူးတိုးရန် ဆန္ဒပြုထားသော နည်းပြ၊ သရုပ်ပြ ၁၂၀၀ ဦးကျော်ရှိသည့်အနက် ၁၀၀၀ ဦးကျော်သည် နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပညာရေးဝန်ကြီးရုံး၊ လွှတ်တော် ၂ ရပ်မှ ပညာရေးမြှင့်တင်မှုကော်မတီနှင့် အဆင့်မြင့်ပညာဦးစီးဌာနထံ စာမေးပွဲမစစ်ဆေးဘဲ ရာထူးတိုးပေးရန် ဒီဇင်ဘာလ ၁၃ ရက်က စာပို့တောင်းဆိုခဲ့သည်။
ရန်ကုန်တက္ကသိုလ် မြန်မာစာနည်းပြ ဦးနေလင်းဝေက “ကျွန်တော်တို့ တောင်းဆိုတာကို နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုရှေ့နေချုပ်က ဘယ်လိုတုံ့ပြန်မလဲ။ တုံ့ပြန်တဲ့အပေါ်မှာမူတည်ပြီး သူတို့ ဖြေရှင်းချက်က ခိုင်လုံတယ်ဆိုရင် ဖြေချင်လည်းဖြေမယ်။ မခိုင်လုံဘဲလျှောက်ပြောတာဆိုရင်တော့ မဖြေဘူး။ ဒီအစိုးရလက်ထက်မှာ ရာထူးမတိုးလို့လည်း ဘာမှဖြစ်မသွားဘူး”ဟု ဆိုသည်။
ပညာရေးဝန်ကြီးဌာနအနေနှင့် ၂၀၁၄ ခုနှစ် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပါ အရည်အချင်းစစ်ဆေးခြင်းဆိုင်ရာကဏ္ဍတွင် နည်းလမ်း ၃ ခုပါရှိသည့်အနက် ပထမအကြိမ် ညွှန်ကြားချက်အတိုင်း အကဲဖြတ်ခြင်းနည်းလမ်းကိုမသုံးဘဲ မူသစ်ဖြစ်သည့် စာမေးပွဲစစ်ခြင်းနည်းလမ်းကို မည်သည့်အတွက် အသုံးပြုကြောင်းကိုလည်း ဦးနေလင်းဝေက မေးခွန်းထုတ်သည်။
ထိုသို့ တောင်းဆိုခဲ့သော်လည်း အဆင့်မြင့်ပညာဦးစီးဌာနက စာမေးပွဲရက် ကြေညာလိုက်သဖြင့် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများအနေနှင့် အဆိုပါ စာမေးပွဲကို ဖြေဆိုမည်မဟုတ်ကြောင်းနှင့် ပညာရေး ဝန်ကြီးဌာန၏ လုပ်ရပ်အပေါ် ဆန့်ကျင်ရှုတ်ချကြောင်း သဘောထားကို ဒီဇင်ဘာလ ၂၄ ရက်တွင်ပင် တုံ့ပြန်ကြေညာလိုက်သည်။
photo&source : thevoice