ဆေးတက္ကသိုလ်သင်တန်းများ ဇန်နဝါရီလ တတိယပတ် တွင်ပြန်လည်ဖွင့်နိုင်ချေရှိ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယာယီရပ်နားထားသည့် ဆေးတက္ကသိုလ်သင်တန်း များမှ  နောက်ဆုံးနှစ်   အပိုင်း(ခ)နောက်ဆက်တွဲအတန်းကို  ၂၀၂၁  ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

ဆက်စပ်ဖတ်ရှုရန် >>> ဆေးတက္ကသိုလ် နှင့် သူနာပြုတက္ကသိုလ် နောက်ဆုံးနှစ် သင်တန်းများ ဖွင့်လှစ်ရန် ခွင့်ပြု

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး   တက်ရောက်မည့်   ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉   ရောဂါပိုး    စစ်ဆေးခြင်းများ   ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆေးတက္ကသိုလ်(၁)ရန်ကုန်      ပါမောက္ခချုပ်     ဒေါက်တာဇော်ဝေစိုးက “ကျွန်တော်တို့ ဆေးတက္ကသိုလ်တွေက နောက်ဆုံးနှစ်မှာ အပိုင်း(က) နဲ့ (ခ) ဆိုပြီး ရှိပါတယ်။  

အဲဒီမှာ နောက်ဆုံးနှစ် အပိုင်း(ခ)က  တကယ်တော့ တစ်နှစ်ခွဲ တက်ရပါတယ်။   ဒါပေမယ့်  အဲဒီမှာ  ဆပ်ပလီဆိုတဲ့အတန်းတစ်တန်းကျန်နေသေးပါတယ်။  ဆပ်ပလီဆိုတာ သူ့ရှေ့ကလူတွေက အောင်သွားတယ်။  ပုံမှန် စာမေးပွဲအောင်ပြီး အခု ဟောက်စ်ဆင်းလို့ ပြီးသွားပြီ။ အဲဒီဟာနဲ့အတူတူက ကျန်ခဲ့တာ ဆပ်ပလီတန်း၊ နောက်ဆက်တွဲတန်းဖြစ်ပါတယ်။

အဲဒါက    ကျွန်တော်တို့ကျောင်းမှာဆိုရင်  ၂၇  ယောက်ရှိပါတယ်။ ကျောင်းသား  တစ်ယောက်ချင်းစီကို  ကျွန်တော်တို့  အကြောင်းကြားပါတယ်။ အချို့ကလည်း  ခရီးလွန်နေတာဆိုတော့  သူတို့ကို  အကြောင်းကြားတာတွေ လုပ်နေပါတယ်။   ရောက်လာတဲ့အခါ  ဆေးစစ်တာတွေလုပ်ပြီးရင်  သူတို့ကို စာသင်မယ်။ နှစ်ပတ်သင် တစ်ပတ်နားပြီးတော့ နောက်တစ်ပတ်ကျရင် စာမေး ပွဲစစ်ပါမယ်။ 

သူတို့က  တကယ်တမ်းတော့  ကျောင်းတက်ပြီးသားတွေဖြစ်ပါတယ်။ နောက်ဆက်တွဲ ဆိုတာက ပုံမှန်ကျောင်းတက်ပြီးသား စာမေးပွဲဖြေဖို့ပဲ ကျန်တော့ တဲ့သူတွေဖြစ်ပါတယ်။  လူ့စွမ်းအားအရင်းအမြစ် အထူးသဖြင့်  ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်က အရေးကြီးပါတယ်။ အဲဒါတွေရဖို့အတွက် ဒီသင်တန်း တွေက တစ်ခုပြီးတစ်ခု ဆက်ပြီးဖွင့်သွားမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးအတွက်ကလည်း အရေးကြီး ပါတယ်။ ကျောင်းတွေဖွင့်တာကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ အကောင်းဆုံး နဲ့ အဆင်ပြေဆုံးဖြစ်အောင်  ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။  ကိုဗစ် Negative ဖြစ်တဲ့နေရာတွေမှာပဲ  သူတို့ကိုသင်ကြားဖို့ ပြင်ဆင်ထားပါတယ်။ ဗီဒီယိုကွန်ဖရင့် စနစ်နဲ့ သင်ကြားနိုင်အောင်၊ အွန်လိုင်းကနေ သင်ကြားနိုင်အောင် ပြင်ဆင်ထား ပါတယ်။   အွန်လိုင်းနဲ့   Face to Face  နဲ့ပေါင်းပြီး  သင်တဲ့နည်းနဲ့ သင်ဖို့ပြင်ဆင် ထားပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၂၁  ခုနှစ်  ဇန်နဝါရီလတတိယပတ်တွင်  ပြန်လည်ဖွင့်လှစ်ပေးမည့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ) နောက်ဆက်တွဲအတန်းကို တစ်နိုင်ငံ လုံးအတိုင်းအတာအနေဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ရန်  ရှိနေကြောင်း၊   ဆေးတက္ကသိုလ်  နောက်ဆုံးနှစ်အပိုင်း(ခ) ပုံမှန်အတန်းကိုလည်း ဖွင့်လှစ်ပေးနိုင်ရန် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှတစ်ဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံ တင်ပြထား ကြောင်း သိရသည်။

Source: The Mirror Daily 

By Myanmar Education Guide (EDGE)   

News Read 522 times