ယခင်နှစ်များက တက္ကသိုလ် ၀င်ခွင့်လျှောက်လွှာအိတ်များကို အဆင့်မြင့်ပညာ ဦးစီးဌာနသို့ တိုက်ရိုက် လျှောက်ထား ခဲ့ရသော်လည်း ယခုနှစ်က စ၍ မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ မုံရွာ၊ ထားဝယ်၊ တောင်ငူ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ စစ်တွေ၊ ရန်ကုန်၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် ပုသိမ်တက္ကသိုလ်တို့တွင် လျှောက်လွှာများ လက်ခံနေသည်။
အဆိုပါ တက္ကသိုလ်များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးရှိ မြို့နယ်များအလိုက် ကောင်တာများခွဲကာ ၀င်ခွင့်လျှောက်လွှာအိတ် များ လက်ခံပေးနေပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လျှောက်ထားလိုသူများ အတွက်လည်း ကောင်တာ ဖွင့်လှစ်ထားသည်။
READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်
ကျောင်းသား၊ ကျောင်းသူများ လျှောက်လွှာ ဖြည့်သွင်းနိုင်ရန် ကောင်တာများအနီး၌ အခန်းများစီစဉ်ထားပြီး လျှောက်လွှာဖြည့်သွင်းရာတွင် အခက်အခဲမရှိစေ ရန် တာဝန်ကျဝန်ထမ်းများက ကူညီနေသည်။
‘‘လျှောက်လွှာအိတ်ကို ကိုယ်စာမေးပွဲအောင်ခဲ့တဲ့ မြို့ နယ်နဲ့သက်ဆိုင်တဲ့ ကောင်တာမှာ ပေးခဲ့ရုံပဲ။ တခြားတိုင်းဒေသကြီး မှာ အောင်ခဲ့တဲ့ ကျောင်းသားက ရန်ကုန်ရောက်နေတယ်ဆိုလည်း တခြားတိုင်းအတွက် ဖွင့်ထားတဲ့ ကောင်တာမှာတင်ခဲ့လို့ရတယ်’’ ဟု ရန်ကုန်တက္ကသိုလ် ကျောင်း သားရေးရာနှင့် ကျောင်းဆောင် များ ကြီးကြပ်ရေးဌာန လက် ထောက်မော်ကွန်းထိန်း ဦးအောင် စိုးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာ ခန်းမနောက်ရှိ ကျောင်းသားရေး ရာဌာနတွင် ၀င်ခွင့်လျှောက်လွှာ အိတ်များ တင်သွင်းရမည်ဖြစ်ပြီး လျှောက်လွှာလက်ခံသည့် ပထမ နေ့တွင် တင်သွင်းသူ ၃၂၀ ဦး ရှိကြောင်း သိရသည်။
‘‘ကျောင်းက ထုတ်ပေးတဲ့ ၀င်ခွင့်လျှောက်လွှာအိတ်ထဲက ဖောင်တွေဖြည့်ပြီး ရန်ကုန်တက္က သိုလ်မှာ လာတင်ရုံပါပဲ။ ကိုယ် တိုင်လာလျှောက်ရတော့ ပိုအ ဆင်ပြေပါတယ်’’ဟု အထက (၁) ဒဂုံ(မြောက်)မှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူ မငြိမ်းမိုး ကျော်က ပြောသည်။
သြဂုတ် ၉ ရက်မှ ၂၅ ရက် အထိ ရုံးပိတ်ရက်များ အပါအ၀င် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ အထိ တက္ကသိုလ် ၀င်ခွင့်လျှောက် လွှာအိတ် လက်ခံမည်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ပါ အချက်များ အတိုင်း ၀င်ခွင့်လျှောက်လွှာကို ပြည့်စုံစွာ တင်သွင်းရမည်ဖြစ်သည်။
သတ်မှတ်ရက်ကျော်လွန် လျှောက်ထားသူများသည် အဆိုပါ တက္ကသိုလ်များတွင် လျှောက် ထားခွင့်မရှိဘဲ အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံ လမ်း ကမာရွတ်မြို့နယ် ရန်ကုန် မြို့သို့ ပေးပို့လျှောက်ထား ရမည် ဟု သိရသည်။
‘‘တစ်နိုင်ငံလုံးမှာ ၁၇ နေရာခွဲလက်ခံလိုက်တဲ့အတွက် ကျောင်းသားတွေလည်း သွားရေးလာရေးအဆင်ပြေတယ်။ တက္ကသိုလ်တွေအနေနဲ့လည်း ကျောင်းသားလက်ခံမှုနဲ့ပတ်သက်ပြီး အတွေ့အကြုံရသွားတယ်’’ဟု ဦးအောင်စိုးက ပြောသည်။
တက္ကသိုလ်ဝင်ခွင့် လက်ခံမည့်စနစ် အပြောင်းအလဲပြုလုပ်ရန် မရှိသေးကြောင်းသိရသည်။ တက္ကသိုလ်ဝင်ခွင့်ရစာရင်း များကို နိုဝင်ဘာတွင် ကြေညာမည်ဖြစ်ပြီး ပထမနှစ်သင်တန်းများကို ဒီဇင်ဘာပထမပတ်၌ ဖွင့်လှစ်မည်ဖြစ်သည်။
၂၀၁၇ တက္ကသိုလ်ဝင်စာမေး ပွဲကို ၇၁၆,၁၈၈ ဦး ၀င်ရောက်ဖြေ ဆိုရာ ၂၄၂,၇၃၆ ဦးအောင်မြင်ခဲ့ ပြီး အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
source : 7 day daily