အရှေ့တောင် အာရှ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုချီးမြှင့်ရေးကော်မတီ၌ လုပ်အားပေးဆက်သွယ်ရေးအရာရှိအဖြစ် ကျောင်းသား/သူများ လျှောက်ထားနိုင်သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀ ရက်အထိ နေပြည်တော်တွင် ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ရာ အဆိုပါပြိုင်ပွဲတွင် ဆုချီးမြှင့်ရေးနှင့် လုပ်အားပေးဝန်ဆောင်မှု ကော်မတီတွင် ဆက်သွယ်ရေးအရာရှိများအဖြစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား/သူများ အနေဖြင့် လုပ်အားပေး အဖြစ် လျှောက်ထားနိုင်သည်။
"လခရယ်လို့တော့ မပေးပါဘူး။ ခေါ်ကတည်းက လုပ်အားပေးအနေနဲ့ခေါ်တာပါ။ ဒါပေမယ့် သွားစရိတ်၊ လာစရိတ်တွေ၊ နေထိုင်စားသောက်စရိတ်များကိုတော့ ဌာနအနေနဲ ပံ့ပိုးပေးမှာပါ။ အတွေ့အကြုံလည်း ရမယ်၊ စီမံခန့်ခွဲရမယ့် ကိစ္စတွေ၊ တစ်ပွဲအတွက် စီမံရမယ့်ကိစ္စတွေ ကိုယ့်တက္ကသိုလ်မှာ လုပ်မယ်ဆိုရင် ဘယ်လိုတွေ စီစဉ်ရမယ်ဆိုတာ တွေကို လေ့လာသိရှိ ခွင့်ရမှာပါ" ဟု ပြောသည်။
ဆက်သွယ်ရေးအရာရှိများအဖြစ် တာဝန်ထမ်းဆောင်ရန် လျှောက်ထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား/သူများကို ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (သို့မဟုတ်) နိုဝင်ဘာလတွင် လေ့ကျင့်ရေးသင်တန်းများ ပေးအပ်မည် ဖြစ်သည်။
ယင်းတာဝန်ကို ထမ်းဆောင်မည့် ကျောင်းသား/သူများ၏ အမည်စာရင်းများကို အောက်တိုဘာလ ၉ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် အဆင့်မြင့်ပညာ ဦးစီးဌာနမှ ညွှန်ကြားထားသည်။
အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ တက္ကသိုလ်များမှ အားကစားနည်း ၁၆ မျိုး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: democracy