ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနက ကျောင်းပညာရေး သင်ရိုးတွင် တတိယဘာသာစကားအဖြစ် coding ကို ထည့်သွင်းရန် တွန်းအားပေးသွားမည်ဟု ထုတ်ဖော်ပြောကြားသည်။ coding သည် ကွန်ပျူတာတွင် ပရိုဂရမ် ရေးသားသည့်အခါ သုံးစွဲသည့် ဘာသာစကားများကို စုရုံးသိမ်းကျုံး၍ ပြောဆိုခြင်း ဖြစ်သည်။
ဤသို့ ကျောင်းစာသင်ရိုးတွင် coding ဘာသာစကား ထည့်သွင်းခြင်းကို စင်ကာပူနိုင်ငံတွင်လည်း ၂၀၂၀ ခုနှစ်၌ စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။ ၄ တန်းမှ ၆ တန်းအထိ ကျောင်းသူကျောင်းသားအားလုံး မသင်မနေရ ပြဋ္ဌာန်းပြီး သင်ယူစေမည် ဖြစ်သည်။
ထိုင်း ပညာရေး ဒုဝန်ကြီး Kalaya Sophonpanich က ယခုလို coding သင်ပေးခြင်းသည် သူမ၏ စေတနာတစ်ခု ဖြစ်ကြောင်း၊ ဖြစ်နိုင်ပါက သူငယ်တန်းမှ စ၍ သင်ပြလိုကြောင်း ပြောကြားခဲ့သည်။
Coding ကို တတိယဘာသာစကားအဖြစ် ထည့်သွင်းခြင်းသည် တိုင်းပြည်၏ နောင်အနာဂတ်အတွက် အရေးကြီးသည်ဟု ရှုမြင်ကြသည်။ အခြားတစ်ဖက်၌ အင်္ဂလိပ်စာက ပိုအရေးကြီးသည်။ အင်္ဂလိပ်စာ တတ်ကျွမ်းမှု ညံ့နေလျှင် တိုင်းပြည် စီးပွားရေး ထွန်းကားဖို့ ခက်မည်ဟု ဆိုကြသည်။ အကယ်စင်စစ် coding သည် ဘာသာစကား တစ်ခု ဖြစ်သော်လည်း အင်္ဂလိပ်စာ မကောင်းလည်း သင်၍ရသည်။ coding ကို သင်ယူတတ်မြောက်ခြင်းကြောင့် အင်္ဂလိပ်စာ အခေါ်အဝေါ်များ၊ အသုံးအနှုန်းများ၊ ဝေါဟာရများ တတ်သိသွားစေသဖြင့် အင်္ဂလိပ်စာ တတ်ကျွမ်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုသည်မှာ အမှန်ပင် ဖြစ်သည်။
ထိုင်းနိုင်ငံ နှင့် စင်ကာပူနိုင်ငံ တို့၏ အခြေခံ ပညာရေးတွင် မိခင်ဘာသာစကားသည် ပထမဘာသာစကား ဖြစ်ပြီး အင်္ဂလိပ်စာသည် ဒုတိယ ဘာသာစကား ဖြစ်သည်။ ထိုဘာသာစကား နှစ်မျိုးကို မသင်မနေရ သင်ယူကြစေသည်။ coding ကို တတိယဘာသာစကားအဖြစ် သတ်မှတ်ကာ ဘာသာစကားအဖြစ် သင်ယူကြစေခြင်း ဖြစ်သည်။
နည်းပညာ၏ ကဏ္ဍသည် လူတိုင်း၏ နေ့စဉ်ဘ၀တွင် နေရာယူခြင်း ပိုများလာနေသည်။ စတုတ္ထစက်မှု တော်လှန်ရေး ကို ထိုင်းနိုင်ငံတွင် 4.0 မူဝါဒဖြင့် အမီလိုက်နေချိန်တွင် ယခုလို coding သင်ပေးခြင်းသည် လိုအပ်ချက်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ အခြေခံပညာရေး သင်ယူနေသော ကျောင်းသူကျောင်းသားများသည် coding သင်ပေးသည်ကို စာလိုက်နိုင်မည်လောဆိုသည့် မေးခွန်း ရှိနေသည်ဟု အချို့က ထောက်ပြကြသည်။ ၎င်းတို့အနေဖြင့် မိခင်ဘာသာစကားအပြင် ဒုတိယဘာသာစကားအဖြစ် သင်ယူနေရသော အင်္ဂလိပ်စာကို သင်ယူရာ၌ အခက်အခဲ ရှိနေသည်။ Education First မှ ထုတ်ပြန်သော English Proficiency Index 2018 တွင် ထိုင်းနိုင်ငံသည် စစ်တမ်းထုတ်သည့် ၈၈ နိုင်ငံတွင် အဆင့် ၆၄ တွင် ရောက်ရှိနေသည်။
English Proficiency Index 2018 သည် ရှစ်ကြိမ်မြောက် ထုတ်ဝေသည့် အစီရင်ခံစာဖြစ်သည်။
English Proficiency Index 2018
(၈၈ နိုင်ငံနှင့် ရရှိသည့်အဆင့်)
*****************************
Very high Proficiency
1. Sweden 2. Netherlands 3. Singapore 4. Norway 5. Denmark 6. South Africa 7. Luxembourg 8. Finland 9. Slovenia 10. Germany 11. Belgium 12. Austria
High Proficiency
13. Poland 14. Philippines 15. Switzerland 16. Romania 17. Croatia 18. Serbia 19. Portugal 20. Czech Republic 21. Hungary 22. Malaysia 23. Greece 24. Slovakia 25. Bulgaria 26. Lithuania 27. Argentina
Moderate Proficiency
28. India 29. Nigeria 30. Hong Kong, China 31. South Korea 32. Spain 33. Lebanon 34. Italy 35. France 36. Costa Rica 37. Dominican Republic 38. Belarus 39. Senegal 40. Uruguay 41. Vietnam 42. Russia 43. Ukraine 44. Macau, China
Low Proficiency
45. Georgia 46. Chile 47. China 48. Taiwan 49. Japan 50. Pakistan 51. Indonesia 52. Albania 53. Brazil 54. Ethiopia 55. Guatemala 56. Panama 57. Mexico 58. Sri Lanka 59. Peru 60. Colombia 61. Bolivia 62. Egypt 63. Bangladesh 64. Thailand 65. Ecuador
Very low Proficiency
66. Iran 67. Morocco 68. Tunisia 69. Honduras 70. El Salvador 71. U.A.E. 72. Nicaragua 73. Turkey 74. Jordan 75. Venezuela 76. Syria 77. Azerbaijan 78. Kuwait 79. Oman 80. Kazakhstan 81. Algeria 82. Myanmar 83. Saudi Arabia 84. Afghanistan 85. Cambodia 86. Uzbekistan 87. Iraq 88. Libya
အင်္ဂလိပ်စာ တတ်ကျွမ်းမှု အခမဲ့ စစ်ဆေးကြည့်လိုလျှင်
https://www.efset.org/free-english-test/
တစ်နည်းဆိုရသော် ထိုင်းနိုင်ငံသည် အင်္ဂလိပ်စာ တတ်ကျွမ်းမှု နိမ့်ကျသော အုပ်စုတွင် ပါဝင်နေသည်။ မြန်မာနိုင်ငံထက်တော့ သာသည်။ မြန်မာနိုင်ငံသည် အဆင့် ၈၂ တွင် ရှိနေပြီး အင်္ဂလိပ် တတ်ကျွမ်းမှု အလွန် နိမ့်ကျသောအုပ်စုတွင် ပါဝင်သည်။
အရှေကတောင်အာရှ နိုင်ငံများတွင် စင်ကာပူနိုင်ငံသည် အဆင့် ၃ ဖြင့် ပထမနေရာတွင် ရှိနေသည်။ ဖိလစ်ပိုင် နိုင်ငံက အဆင့် ၁၄ ဖြင့် ဒုတိယနေရာတွင် ရှိနေပြီး တတိယနေရာတွင် အဆင့် ၂၂ ဖြင့် မလေးရှားနိုင်ငံ ရှိနေသည်။ ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်လက်အောက်တွင် ကျရောက်ခဲ့ဖူးပြီး အမေရိကန်အင်္ဂလိပ်စာ တတ်ကျွမ်းမှုကို အမွေ ရရှိခဲ့သည်။ ထိုအမွေကို မျိုးဆက်သစ်သို့ အဆင့်ဆင့် လက်ဆင့်ကမ်းနိုင်ခဲ့သည်။
စင်ကာပူသည် တရုတ်အများစုဖြင့် ထူထောင်ခဲ့သော နိုင်ငံဖြစ်ပြီး အစိုးရမှ အင်္ဂလိပ်တတ်သည် မျိုးဆက်ဖြစ်အောင် တွန်းအားပေးပြီး သင်ယူစေခဲ့သည်။ တရုတ်ဘာသာစကားကိုလည်း တရုတ်အစိုးရ ရုံးသုံး ဖြစ်သော မန်ဒါရင်းတရုတ်ဘာသာစကားကို သင်ယူစေခဲ့သည်။ မလေး၊ တရုတ် အစရှိသည့် မိခင်ဘာသာစကားကို မသင်မနေရ သင်ယူစေသည့်အပြင် အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအဖြစ် မသင်မနေရ သင်ယူစေခဲ့သည်။ မိခင်ဘာသာစကား မတတ်ကျွမ်းသူသည် အမြစ်ကျွတ်သည့် သစ်ပင်သဖွယ် ဖြစ်နေသူဟု လီကွမ်ယုက ဆိုဆုံးမခဲ့သည်။ နိုင်ငံတကာနှင့် စီးပွားရေး လုပ်ကိုင်ရန်မှာ အင်္ဂလိပ်စာ တတ်ကျွမ်းမှ ရမည်။ အတတ်ပညာ အသိပညာများ ရယူရန်အတွက်လည်း အင်္ဂလိပ်စာ တတ်ကျွမ်းမှု ရှိဖို့ လိုသည်ဟု သူက သွန်သင်ခဲ့သည်။ စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် ဂိုချုပ်တောင် လက်ထက်တွင် အင်္ဂလိပ်စာ တတ်ကျွမ်းမှုကို မြှင့်တင်ရန်အလို့ငှာ Speak Good English Movement အမည်ရှိ အမျိုးသားရေး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့သဖြင့် အင်္ဂလိပ်စာ တတ်ကျွမ်းမှု မြင့်မားစေခဲ့သည်။ Speak Good English Movement သည် အင်္ဂလိပ်ဘာသာစကားကို ဒေသိယစကားလုံးများ ထည့်သုံးခြင်းနှင့် အသံထွက် ထည့်သုံးခြင်းတို့ဖြင့် ပြောဆိုရေးသားသည့် Singlish အစား အင်္ဂလိပ်စာစံမီသော ပြောဆိုရေးသားမှု ပြုကြရန် နိုင်ငံသားတို့ကို တိုက်တွန်းအားပေးသည်။ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ အစီအစဉ်များ ကျင်းပပြီး လှုံ့ဆော်တိုက်တွန်းသည်။ ပညာပေးသည်။ ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့သော အမျိုးသားရေး လှုပ်ရှားမှု ဖြစ်ပြီး နှစ် ၂၀ နီးပါးအကြာ၌ စင်ကာပူနိုင်ငံသည် အာရှနိုင်ငံများတွင် ယခုလို ထိပ်တန်း ၃ နိုင်ငံသို့ ပထမဆုံး ရောက်ရှိသည့် နိုင်ငံ အဖြစ်သို့ ရောက်ရှိသည်ကို တွေ့ရသည်။
မလေးရှားနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် အင်္ဂလိပ်စာကို မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ပညာရေး၌ မြှင့်တင်ခဲ့သည်။ အင်္ဂလိပ်စာသင်တန်း စီမံကိန်း (Professional Up-skilling of English Language Teachers (Pro-ELT)) ကို ပညာရေးဝန်ကြီးဌာနမှ အကုန်အကျခံပြီး အကောင်အထည်ဖော်သည်။ ပြည်နယ် ၁၃ ခု အကုန်လုံးရှိ အခြေခံ ပညာရေးမှ ဆရာဆရာမများ ဦးရေ တစ်သောင်းခွဲကျော်ကို အင်္ဂလိပ်စာ သင်ပြသည့် တတ်ကျွမ်းမှုများ ဖွံ့ဖြိုးတိုးတက်အောင် သင်တန်းများ ပို့ချပေးသည်။ ဆယ်စုနှစ်တစ်ခု မပြည့်ခင်မှာပင် နိုင်ငံ၏ အင်္ဂလိပ်စာ တတ်ကျွမ်းမှု အဆင့် ပိုကောင်းလာသည့် ရလဒ် ဖြစ်ထွန်းခဲ့ပေသည်။
English Proficiency Index (EPI) မှ စီစဉ်ပေးထားသော
အင်္ဂလိပ်စာ တတ်ကျွမ်းမှု အခမဲ့ စစ်ဆေးကြည့်လိုလျှင်
https://www.efset.org/free-english-test/