တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများတွင် အချက်အလက်မှားယွင်းပါက ဧပြီအထိ ပြင်ဆင်ခွင့်ပြု

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများတွင် အချက်အလက်မှားယွင်းပါက ဧပြီအထိ ပြင်ဆင်ခွင့်ပြု

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများတွင် အချက်အလက်မှားယွင်းဖြည့်သွင်းမိပါက ဧပြီမတိုင်မီ ပြင်ဆင်ခွင့်ပြုမည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများတွင် ဖြေဆိုသူအမည်၊ အဘအမည်၊ မွေးသက္ကရာဇ်စသည့် အချက်အလက်များကို မှန်ကန်စွာ ဖြည့်သွင်းရန် ညွှန်ကြားထားသော်လည်း နှစ်စဉ်မှားယွင်းမှုများ ကြုံတွေ့နေရခြင်းကြောင့် ပြန်လည်ပြင်ဆင်ခွင့်ပြုခြင်း ဖြစ်သည်။

"ကတ်ပြားများကို ပေးလိုက်ပြီဆိုတာနဲ့ ကတ်ပြားပါ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးဖို့ ကျောင်းအုပ်ကြီးတွေကို ညွှန်ကြားထားပါတယ်။ မှားရင် ချက်ချင်းပြင်လို့ရတယ်။

စာမေးပွဲဖြေနေစဉ် မှာတွေ့တယ်ဆိုရင်လည်း စာမေးပွဲ ပြီးတဲ့အခါ ကတ်ပြားလာအပ်ရင် ကွဲလွဲချက် ပို့ပြီး ပြင်လို့ရတယ်။ သင်္ကြန်မတိုင်ခင် တက္ကသိုလ်ကို မပို့ခင် ပြန်ပြင်ပေးတယ်" ဟုပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူများအတွက် ဘာသာတွဲအလိုက် အစိမ်းရောင် ဖြေဆိုခွင့်ကတ်ပြား၊ ပန်းရောင်းဖြေဆိုခွင့်ကတ်ပြားများကို မြန်မာနိုင်ငံစာစစ်ဌာနက ထုတ်ပေးပြီး စာမေးပွဲဖြေဆိုမည့် ပထမဆုံးရက်တွင် ဖြေဆိုခွင့်ကတ်ပြားကို စာမေးပွဲခန်းအတွင်း တစ်ပါတည်းယူဆောင်လာရသည်။

ဖြေဆိုခွင့်ကတ်ပြားကို နေ့စဉ်စာမေးပွဲခန်းသို့ ယူဆောင်လာရပြီး နောက်ဆုံးဖြေရမည့် ဘာသာရပ်အပြီးစာမေးပွဲခန်းမှ မထွက်ခွာမီ ကတ်ပြားကို စာမေးပွဲခန်းစောင့် ဆရာ၊ ဆရာမ (လက်ထောက် ကြီးကြပ်ရေး မှူး) ထံ အပ်နှံရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စည်းကမ်းချက်ထုတ်ထားသည်။

စာမေးပွဲပြီးဆုံးပြီးနောက် အောင်စာရင်း ထုတ်ပြန်ခြင်း၊ အောင်လက်မှတ် ထုတ်ပေးခြင်းများ၊ အစိုးရဝန်ထမ်းအလုပ်အကိုင်များအတွက် ထိုကတ်ပြားပေါ်မှ အချက်အလက်မှား အတိုင်းသာ တွက်ချက် စဉ်းစားခြင်းကြောင့် ထိုကတ်ပြားပေါ်မှ အချက်အလက်များ မှန်ကန်ရန် အရေးကြီးသည်ဟု မန္တလေးတိုင်း ဒေသကြီးမှ အထက်တန်းပြဆရာမတစ်ဦးကရှင်းပြသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းသူ ၈၉၇, ၉၉၄ ဦး ရှိပြီး မြန်မာစာ ဘာသာရပ်ဖြေဆိုသည့်နေ့တွင် ၈၅၁, ၅၇၀ ဦးလာရောက်ဖြေဆိုပြီး ပျက်ကွက်သူ လေးသောင်းကျော်ရှိသည်။

READ - PPTT ရေးဖြေအောင်စာရင်းများ မတ် ၂၅ ရက်တွင် ထုတ်ပြန်မည်

source: 7day

News Read 1712 times