ကိုယ်စာကြိုးရဲ့သားနဲ့ အမှတ်နည်းတာ ဒီအချက်တွေ လုပ်မိနေလို့ဘဲ

ကိုယ်စာကြိုးရဲ့သားနဲ့ အမှတ်နည်းတာ ဒီအချက်တွေ လုပ်မိနေလို့ဘဲ

သူများထက်စာကြိုးစားရဲ့သားနဲ့ အမှတ်အရမ်းနည်းတာ ဘာလို့လဲ????

စာကြိုးစားခဲ့တယ်၊ စာလည်းရတယ်၊ ဒါပေမယ့် စာမေးပွဲကျတယ်။ ဘာဖြစ်လို့ပါလိမ့်။

တကယ်လို့ စာတွေအသားကုန်ကြိုးစားနေပေမယ့် အမှတ်မကောင်းသေးဘူးဆိုရင်တော့ ကိုယ့်ရဲ့စာကျက်ပုံမှာ တစ်ခုခုမှားနေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှားတာလဲ၊ ဘယ်လိုပြင်ရမှာလဲ။

ဒီတော့ ကျောင်းသားတွေ စာကြိုးစားရဲ့သားနဲ့ အမှတ်မကောင်းရတဲ့အကြောင်းရင်းနဲ့ ဖြေရှင်းနည်းတွေကို ဖော်ပြပေးထားပါတယ်၊ လိုက်နာကြည့်ပါ။

အကြောင်းရင်း (၁) Test Anxiety လို့ခေါ်တဲ့ စာမေးပွဲဖြေရမှာအကြောက်လွန်တဲ့စိတ် ဖြစ်နေတယ်။  

ပြသနာ - တကယ်လို့ စာမေးပွဲဖြေဖို့ခုံမှာထိုင်လိုက်တာနဲ့ စိတ်လှုပ်ရှားပြီး ဘာစာမှ မမှတ်မိတော့တာမျိုး ဖြစ်နေတယ်ဆိုရင် ကိုယ့်မှာ Test Anxiety ရနေပါပြီ။ ဒီအခြေအနေက ကိုယ်ကျက်ထားတဲ့စာတွေ ပါလာခဲ့ရင်တောင် ပြန်မှတ်မိဖို့ခက်ခဲတဲ့အတွက် စာမေးပွဲသေချာဖြေလို့မရတာမျိုး ဖြစ်စေပါတယ်။

ဖြေရှင်းနည်း - တကယ်လို့ စာသေချာလုပ်ထားပြီး စာရပြီးသားဆိုရင် စာမေးပွဲဖြေမယ့်နေ့မှာ အနားယူပါ။ အကောင်းဘက်ဆောင်တဲ့ အတွေးတွေကိုပဲ ခေါင်းထဲထည့်ပါ (“စာသေချာလုပ်ပြီးပြီ၊ စာလည်းရတယ်”)၊ ပြီးရင် စာမေးပွဲဖြေတုန်းမှာလည်း အသက်ပြင်းပြင်းရှူတဲ့အကျင့် လုပ်ပေးပါ။  

အကြောင်းရင်း (၂) စာကို နားလည်ဖို့အတွက် ကျက်တာမျိုးမဟုတ်ဘူး။

ပြသနာ - စာကိုအရင်ဆုံး နားလည်အောင်လုပ်ဖို့ မစဉ်းစားပဲ ကြက်တူရွေးနှုတ်တိုက် အလွတ်တန်းကျက်တယ်။

ဖြေရှင်းနည်း - စာတွေကို အလွတ်တန်းကျက်တာမျိုးမလုပ်မိဖို့ အရေးကြီးပါတယ်။ ကိုယ်ကျက်နေတဲ့စာတွေက တခြားအကြောင်းအရာ၊ အိုင်ဒီယာတွေနဲ့ ဘယ်လိုဆက်စပ်နေလဲ တွေးကြည့်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ်လေ့လာနေတာကို ပိုပြီးထဲထဲဝင်ဝင် နားလည်စေပါတယ်။

အကြောင်းရင်း (၃) စာကို အစောတည်းက စကျက်ထားခြင်းမျိုးမရှိဘူး။  

ပြသနာ - စာကျက်ဖို့ အချိန်ဆွဲတယ်၊ စာမေးပွဲဖြေမယ့်ရက်မတိုင်ခင်ကျမှ ကြုံးရုန်းပြီး စထလုပ်တယ်။

ဖြေရှင်းနည်း - နေ့တိုင်း ပုံမှန်စာလုပ်တတ်တဲ့အကျင့်လေး လုပ်ပေးပါ။ ညတိုင်း ကျောင်းကသင်လိုက်တဲ့စာတွေကို သေချာပြန်ကျက်ပါ။ ဒီလိုပုံမှန်ကျက်သွားတော့ စာတွေကို အကြာကြီး မှတ်မိနေစေပါတယ်။

အကြောင်းရင်း (၄) ညလုံးပေါက် စာကျက်တယ်။

ပြသနာ - နေ့တိုင်းစာကို နည်းနည်းချင်းစီ ကြည့်သွားရမယ့်အစား စာမေးပွဲဖြေခါနီးမှ ညလုံးပေါက်စာကျက်တယ်။

ဖြေရှင်းနည်း - ကိုယ်ကျက်လိုက်တဲ့စာတွေကို Short-term ကနေ Long-term Memory ထဲ ပို့ပေးဖို့အတွက် အိပ်စက်မှုလိုအပ်ပါတယ်။ ဒါကြောင့် စာမေးပွဲဖြေမယ့်ရက်မှာ အိပ်ရေး၀၀အိပ်ခြင်းက တစ်ညလုံးစာကျက်တာထက် ပိုထိရောက်ပါတယ်။ တစ်ညလုံးစာကျက်စရာမလိုအောင် အနည်းဆုံး (၃) ရက်လောက်တော့ စာကို ကြိုပြီး ကျက်ပါ။

အကြောင်းရင်း (၅) စာအများကြီးကို တထိုင်တည်းလုပ်တယ်။ 

ပြသနာ - နားချိန်မထားပဲ တောက်လျှောက်စာလုပ်တယ်။ စာလုပ်ချိန်အကြာကြီး ထားရှိတယ်ဆိုတိုင်း စာပိုရတယ်၊ ပိုနားလည်တယ်လို့ မဆိုလိုပါဘူး။

ဖြေရှင်းနည်း - စာတွေအများကြီး တခါတည်း ထိုင်ကျက်လိုက်တာမျိုးမလုပ်ပဲ၊ အချိန်လေးတွေခြားပြီး နည်းနည်းစီလုပ်ပါ။ ပြောချင်တာက ဘာသာရပ်တစ်ခုစီကို သူ့အချိန်နဲ့သူ တစ်နာရီ (သို့) နှစ်နာရီစီ လုပ်သွားတာမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်မှ ဦးနှောက်ရဲ့စာပေမှတ်သားမှုအပိုင်းမှာ အထောက်အကူဖြစ်စေပြီး စာတွေကိုဦးနှောက်ထဲ ထိထိရောက်ရောက် သိမ်းထားနိုင်မှာပဲ ဖြစ်ပါတယ်။

အကြောင်းရင်း (၆) စနစ်တကျ စာကျက်တာမျိုးမရှိဘူး။

ပြသနာ - ကိုယ်လုပ်ရမယ့်၊ လုပ်လိုက်တဲ့စာတွေကို ပြန် checking လိုက်လို့ရတဲ့ Study Plan မျိုး မရှိတဲ့အတွက် ဘယ်ဘာသာရပ်မှာ ပိုအားစိုက်ရမလဲ၊ ဘာကိုအရင်လုပ်ရမလဲသိဖို့ ခက်ခဲပါတယ်။

ဖြေရှင်းနည်း - ဘာသာရပ်တစ်ခုချင်းစီမှာ ဘာတွေပြီးအောင်လုပ်ရမလဲဆိုတာကို Goal လေးတွေနဲ့ ပြင်ဆင်ပါ။ ဒီလိုမှ ဘာကိုတော့ ဘယ်လောက်ထိပိုင်နိုင်သွားပြီ၊ ဘယ်နေရာကိုတော့ ပြန်ကြည့်ဖို့လိုတယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။   

အကြောင်းရင်း (၇) ကျက်စရာမလိုတာတွေကို ကျက်တယ်။

ပြသနာ - စာလုပ်တာတော့ ဟုတ်နေတာပဲ။ ဒါပေမယ့် စာမေးပွဲလည်းဖြေရော၊ ကိုယ်ကျက်ထားတဲ့စာတွေ ပါမလာဘူး။

ဖြေရှင်းနည်း - စနစ်ပိုကျပြီး ထိရောက်မှုရှိတဲ့ မှတ်စုတွေထုတ်ပါ။ အတန်းထဲမှာ ဆရာမက အရေးကြီးတာတွေကို ပြောနေရင် (အထူးသဖြင့် သူထပ်ခါထပ်ခါ ပြောနေပြီဆိုရင်) သေချာလိုက်နားထောင်ပါ။ မရှင်းရင် ပြန်မေးလို့ရအောင်၊ ပြန်ကြည့်လို့ရအောင် ကိုယ့်မှတ်စုထဲမှာလည်း သူပြောသွားတာတွေကို သေချာ Highlight လုပ်ပါ။

အကြောင်းရင်း (၈) စာမေးပွဲအတွက်ပဲ စာကြည့်တယ်။

ပြသနာ - စာမေးပွဲရှိတယ်ဆိုမှ Test ရှိတယ်ဆိုမှ စာလုပ်တာမျိုးပဲ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - စာမေးပွဲရှိမှ မဟုတ်ပါဘူး။ အတန်းထဲ စာဆွေးနွေးကြတာ၊ သူငယ်ချင်းတွေ စာစုလုပ်တာ၊ ကျောင်းကပြန်လာရင် အဲ့နေ့သင်ထားတာတွေ ပြန်ကြည့်တာမျိုးတွေအားလုံးက စာလုပ်လို့ရတဲ့ အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။ တစ်ရက်စာတစ်ရက် နည်းနည်းစီ စာလုပ်သွားတာက ပိုစာရလွယ်ပြီး၊ မှတ်မိလည်းလွယ်တဲ့အတွက် စာမေးပွဲနီးတဲ့အခါကျရင် သူများတွေထက်အရင် စာရပြီးသား ဖြစ်စေပါတယ်။

အကြောင်းရင်း (၉) စာကျက်နည်း မှားနေပါတယ်။

ပြသနာ - ကိုယ်နဲ့မကိုက်တဲ့ စာကျက်နည်းကို သုံးမိနေတယ်။ ဥပမာ Auditory Learners တွေက စာအသံထွက်ကျက်မှ စာရကြပါတယ်၊ ချရေးကျက်ပြီး စာသိပ်မရကြပါဘူး။

ဖြေရှင်းနည်း - ကိုယ်နဲ့အကိုက်ဆုံး စာကျက်နည်းကို စမ်းသုံးကြည့်ပါ။ ကျောင်းသားတစ်ယောက်ချင်းစီမှာ သူတို့အမြဲတမ်းသုံးလေ့ရှိတဲ့ စာကျက်နည်းတွေရှိပါတယ်။ တချို့ကျတော့လည်း တစ်မျိုးထက်မက အသုံးပြုကြပါတယ်။

    • Auditory Learners: စာကျက်ရင် အသံထွက်ကျက်ပါ။
    • Visual Learners: စာတွေကို Mind Map နဲ့ကျက်ပါ သို့မဟုတ် အရောင်တွေနဲ့ Highlight လုပ်ပြီးကျက်ပါ။
    • Read/Write Learners: စာသင်တုန်းရေးထားတဲ့မှတ်စုတွေ ပြန်ဖတ်ပြီး ကိုယ်ကျက်ရမယ့်စာတွေကို မှတ်စုအသစ် ပြန်ချရေးပြီးကျက်ပါ။  
    • Kinaesthetic (hands-on) learners: Matching Game လိုမျိုး လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ စာကျက်ပါ။ (ဒီတစ်ခုကတော့ ရှားတယ်ဆိုပေမယ့် ရှိတော့ရှိပါတယ်၊ ကလေးငယ်လေးတွေကို စာသင်တဲ့အခါ အသုံးများပါတယ်)။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Oxford Learning

Tips Read 3623 times