တစ်ချိန်က မြန်မာ့ပညာရေးစနစ်ဟာ အရှေ့တောင်အာရှတွင်သာမက ကမ္ဘာကပါ အသိအမှတ်ပြုကြလို့ ရန်ကုန်တက္ကသိုလ်မှာ ပညာလာသင်တဲ့ နိုင်ငံခြားသားတွေတောင် ရှိခဲ့ဖူးတယ်။
အစိုးရအထက်တန်းကျောင်းတွေမှာ အမှတ်အများဆုံး (၁၀) ဦး (Top Ten) ထဲမှာ မိမိသားသမီးတွေပါဖို့ မိဘတွေ ငွေကြေးအကုန်အကျခံပြီး ကြိုးစားကြရတယ်။
အထူးသဖြင့် ဆယ်တန်းကို ဂုဏ်ထူးများများ၊ အမှတ်ကောင်းကောင်းနဲ့အောင်မှ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တက်ခွင့်ရတာမို့ ကျောင်းမှာလည်းသင်၊ ကျူရှင်လည်းသင်၊ ကျောင်းသားတွေဟာ ကျောင်းနဲ့ ကျူရှင်၊ ကျူရှင်နဲ့ကျောင်း သွားရင်း တစ်နေ့တာ အချိန်တွေ ကုန်တော့တာပဲ။
ပြင်ပစာလည်းမဖတ်နိုင်၊ ဗဟုသုတလည်း နည်း၊ တွေးတောဆင်ခြင်နိုင်တဲ့ စွမ်းအားပါကျ၊ စာကိုအလွတ် ကျက်ဖြေတဲ့အဆင့်ပါ ရောက်သွားလို့ စာမေးပွဲ မေးခွန်းပုံစံပြောင်းမှ ဖြစ်တော့မယ့် အခြေအနေရောက်လာတယ်။
အလွတ်ကျက်ဖြေတဲ့စနစ်အစား စဉ်းစားဆင်ခြင်ပြီး ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးဖြေရတဲ့ မေးခွန်းတချို့ကို အစားထိုးမေးဖို့ ဖြစ်လာတာပါ။
လာမယ့်ပညာသင်နှစ်မှာမေးမယ့် မေးခွန်းပုံစံသစ်နမူနာတွေကို သတင်းစာမှာ ဘာသာရပ်တစ်ခုချင်းအလိုက် ဖော်ပြတော့ စာသင်နေတဲ့ ၀ါရင့်ဆရာကြီးတွေက ဒီပုံစံနဲ့ မေးရင် ဂုဏ်ထူးရဖို့မလွယ်တဲ့အပြင် အောင်ဖို့တောင် တော်တော်ကြိုးစားရမယ်လို့ အသံထွက်နေပါတယ်။
ဒါပေမယ့် ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေကတော့ သင်ကြားတဲ့ပုံစံပြောင်းဖို့ ပြင်ဆင်နေကြပြီတဲ့။ ပြောင်းမယ့်မေးခွန်းပုံစံနဲ့ ကိုက်ညီမယ့် သင်ကြားမှုဖြစ်အောင် အစိုးရအထက်တန်းကျောင်းက ဆရာ၊ ဆရာမများကိုလည်း သင်တန်း (သို့) ဆွေးနွေးပွဲတွေ လုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်။
ကျူရှင်ကို အားကိုးတဲ့ခေတ်
ပညာရေးစနစ် ပုံစံအမျိုးမျိုးပြောင်းလဲတဲ့ကာလမှာ မိဘတွေဟာ ကျူရှင်မထားရရင် သူတို့သားသမီးတွေ ပညာရေးထူးချွန်မှာ မဟုတ်ဘူးဆိုတဲ့ အရိပ်မည်းကြီးက ခြောက်လှန့်သလို ဖြစ်လာတယ်။
ကျူရှင်ကောင်းကောင်းတက်တဲ့ ကျောင်းသား ဆယ်တန်းမှာ ဂုဏ်ထူးတွေတသီကြီး ထွက်နေတာကိုး။
တချို့ဆရာတွေက သူ့ဆီမှာ ကျူရှင်လာယူတဲ့ ကျောင်းသားနဲ့ ကျူရှင်မယူတဲ့ ကျောင်းသားကို အတန်းထဲမှာ ခွဲခြားဆက်ဆံတဲ့ အဆင့်အထိ ဖြစ်လာပြန်တယ်။
ဒီတော့ သင်ကြားနည်း စနစ်လည်းမှန်၊ သင်ကြားပြသပုံလည်း ကောင်းပြီး မေတ္တာ၊ စေတနာနဲ့လည်း သင်ကြမယ်ဆိုရင် ယနေ့နာမည်ကြီးနေတဲ့ ကျူရှင်ကြီးများကို ဖြတ်ကျော်နိုင်ပါသည်။
တက္ကသိုလ်ဝင်ခွင့်ကို အမှတ်နဲ့ဆုံးဖြတ်တာ မှန်ရဲ့လား
တက္ကသိုလ်ဝင်ခွင့်ကို ဆယ်တန်းအောင်မှတ်စုစုပေါင်းနဲ့ ဆုံးဖြတ်ပေးတဲ့စနစ်ကလည်း ပြန်လည် သုံးသပ်သင့်ပါပြီ။
တက္ကသိုလ်အသီးသီးရဲ့ဝင်ခွင့်ကို စာမေးပွဲ သို့မဟုတ် လူတွေ့စစ်ဆေးခြင်း လုပ်ပြီးမှ အဆုံးအဖြတ်ပေးရင် ပိုသင့်တော်မယ်ထင်ပါတယ်။
နာမည်ကြီးကိုယ်ပိုင်အထက်တန်းကျောင်းတွေမှာ ကျောင်းသားသစ်ကို အရည်အချင်းစစ် စာမေးပွဲ လူတွေ့စစ်ဆေးမှု ပြုလုပ်ပြီးမှ ၀င်ခွင့်ပြုပါတယ်။ အစိုးရအထက်တန်းကျောင်းတွေမှာ သင်လာတဲ့ ကျောင်းသားကို တကယ်တတ်၊ မတတ် ပြန်စစ်သလို ဖြစ်နေတာ စဉ်းစားစရာပဲ။
ပညာရေးစနစ် ပြန်လည်သုံးသပ်ပေးစေချင်
- သင်ရိုးညွှန်းတမ်းအသစ်နဲ့ သင်ကြားမှုနည်းစနစ်ကိစ္စ၊
- အခြေခံပညာကျောင်းတွေမှာ ရာနှုန်းပြည့် အအောင်ပေးနေတဲ့ကိစ္စ၊
- အတန်းတင်စာမေးပွဲ မေးခွန်းကိစ္စ၊
- တက္ကသိုလ်ဝင်ခွင့်ကိစ္စ၊
- အစိုးရအထက်တန်းကျောင်းတွေက ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ကိစ္စ၊
- ပညာရေးမူဝါဒအသစ်နဲ့ ကိုက်ညီတဲ့ အတွေးအခေါ် ပြောင်းလဲရေးကိစ္စ၊
- ပညာရေးဝန်ထမ်းတွေ အလုပ်ခွင်ပျော်ရွှင်ရေးနဲ့ စားဝတ်နေရေး၊ လူမှုရေးကိစ္စ၊
- ဆရာကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိစ္စတွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးအဖြေရှာပြီးမှသာ ပညာရေးမူဝါဒအသစ် ရေးဆွဲသင့်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: democracy