အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာများ မွေးထုတ်နိုင်ရေးကို ရည်ရွယ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ် ၂၉ ကျောင်းတွင် B.Tech မှ B.E ပေါင်းကူးသင်တန်းများကို ဖွင့်လှစ်ပြီး တက်ရောက်စေမည်ဖြစ်သည်။
B.Tech ဘွဲ့ရရှိထားသူများအနေဖြင့် B.E သင်တန်းသို့ တက်ရောက်မည်ဆိုပါက ၀န်ထမ်းဖြစ်လျှင် သက်ဆိုင်ရာ ဦးစီးဌာန၏ အချိန်ပြည့် နှစ်နှစ်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာဖြင့် ယခုလ ၂၀ ရက်နေ့မှ စတင်လျှောက်ထားနိုင်သည်။
သင်တန်းဝင်ခွင့် အရည်အချင်းစာမေးပွဲကို တက်ရောက်ဖြေဆိုကာ တက်ရောက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာနမှ သိရသည်။
“နည်းပညာတက္ကသိုလ်ရဲ့ ပညာရေးစနစ် အပြောင်းအလဲမှာ B.Tech ဘွဲ့ရပြီး ဆက်တက်ခွင့်မရသေးတဲ့သူတွေကို နစ်နာမှုမရှိအောင် ဒီဇင်ဘာ ၁၉ ရက်က ပညာရေးဝန်ကြီးဌာနရယ်၊ နည်းပညာတက္ကသိုလ်တွေက ကျောင်းအုပ်ကြီးတွေရယ် အစည်းအဝေးလုပ်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ၀င်ခွင့်တော့ဖြေရမှာပါ။ ၀င်ခွင့်မအောင်ဘူးဆိုရင်တော့ တက်ခွင့်တော့မရဘူးပေါ့” ဟု ပြောသည်။
ပြင်ပပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာ ဘွဲ့လက်မှတ်မူရင်း၊ မှတ်ပုံတင်၊ ဓာတ်ပုံတို့ဖြင့် လျှောက်ထားနိုင်သည်။
ပေါင်းကူးသင်တန်းတက်ရောက်မည့်သူများသည် မိမိတို့ လျှောက်လွှာတင်သည့် နည်းပညာတက္ကသိုလ်တွင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အင်္ဂလိပ်စာ ဘာသာရပ်နှင့် သက်ဆိုင်ရာ ဘာသာရပ်တို့ကို ၀င်ခွင့်စာမေးပွဲအဖြစ် ကျင်းပပြီး ၀င်ခွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်များ၏ B.Tech မှ B.E ပေါင်းကူးသင်တန်းအတွက် ၀င်ခွင့် လက်ခံနိုင်မှု အင်အားမှာ ၄၀၀၀ ကျော်ဖြစ်သည်။
ဝင်ခွင့်စာမေးပွဲဖြေဆိုပြီးပါက ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် အောင်စာရင်း များကို ကျောင်းအလိုက် ထုတ်ပြန်ပေးမည်ဖြစ်ပြီး ၂၉ ရက်နေ့တွင် ကျောင်းအပ်လက်ခံ ခြင်း များ စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today