ဝိဇ္ဇာ၊ သိပ္ပံ ဒီဂရိကောလိပ် ငါးခုကို တက္ကသိုလ်အဆင့်မြှင့်ရန် စီစဉ်

ဝိဇ္ဇာ၊ သိပ္ပံ ဒီဂရိကောလိပ် ငါးခုကို တက္ကသိုလ်အဆင့်မြှင့်ရန် စီစဉ်

အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ

၁. ရေနံချောင်း ဒီဂရီကောလိပ်၊

၂. မြင်းခြံဒီဂရီကောလိပ်၊

၃. မိုးညှင်းဒီဂရီကောလိပ်၊

၎. မန္တလာဒီဂရီကောလိပ်နှင့်

၅. တောင်ကုတ် ဒီဂရီကောလိပ်တို့ကို တက္ကသိုလ်အဆင့်မြှင့်ရန်စီစဉ်နေကြောင်း  အဆင့်မြင့်ပညာ ဦးစီးဌာနထံမှ သိရသည်။

ယင်းဌာန ဒုညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက အဆင့်မြှင့်ရန် စီမံဘဏ္ဍာဝန်ကြီးဌာနကိုတင်ပြထားပြီး ယင်းဌာနမှ ဖွဲ့စည်းပုံစိစစ်ရေး ဦးစီးဌာနက ရာထူး၊ လစာ စသည့်ကိစ္စရပ်များကို စိစစ်ဦးမည်ဖြစ်ကြောင်း၊ ထိုသို့စိစစ်ပြီး အစိုးရအဖွဲ့သို့ တင်ပြပြီးမှသာ တက္ကသိုလ်အဆင့်မြှင့်ရန် ခွင့်ပြုချက်ပြန်ကျမည်ဖြစ်ကြောင်း ရှင်းပြသည်။

ထိုသို့ တင်ပြထားခြင်းကြောင့် တက္ကသိုလ် အဆင့်မြှင့်တင်မှုသည် လာမည့် ဒီဇင်ဘာ ၃ ရက် ကျောင်းဖွင့်ချိန်တွင် မီမည်မဟုတ်ဘဲ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်မူ တက္ကသိုလ်အဖြစ် မြင်တွေ့ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒီဂရီကောလိပ်များကို တက္ကသိုလ် အဆင့်မြှင့်တင်နိုင်ရေး အောက်တိုဘာ လကုန်ပိုင်းက အဆင့်မြှင့်တင်မည့် ကောလိပ်ကျောင်းအုပ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တောင်ကုတ် ဒီဂရီကောလိပ်မှ ကထိက ဒေါက်တာအာကာ မိုးသူက ပြောကြားသည်။

"ဒီဂရီကောလိပ်ဆိုတာ တက္ကသိုလ်တစ်ခုရဲ့ ဩဇာခံသဘောမျိုး သက်ရောက်တာပေါ့ တက္ကသိုလ်အဆင့်မြှင့် မယ်ဆိုတော့ မေးခွန်းထုတ်တာ၊ ဆုံးဖြတ်တဲ့ကိစ္စတွေမှာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတဲ့ပုံစံမျိုး ဖြစ်သွားမှာပေါ့။ အဆင့်မြှင့်ဖို့ ပုံစံငယ်တင်ထားတယ်။ တက္ကသိုလ်ဖွဲ့စည်းပုံကျပြီဆိုရင် အဝေးကြီးသွားရမယ့်သူတွေအတွက်လည်း အဆင်ပြေသွားနိုင်တော့ပေါ့”ဟု ၎င်းက ဆိုသည်။

တက္ကသိုလ်အဆင့်မြှင့်တင်နိုင်ရေးအတွက် တောင်ကုတ် ဒီဂရီကောလိပ်အနေနှင့် ဆရာ၊ ဆရာမများ တိုးမြှင့်ခန့် ထားခြင်း စာသင်ဆောင်များ တိုးချဲ့ဆောက်လုပ်ခြင်းများကို ပြီးခဲ့သည့် ငါးလခန့်ကတည်းက ကြိုတင် ဆောင်ရွက်နေကြောင်း ဒေါက်တာ အာကာမိုးသူက ရှင်းပြသည်။

မန္တလာဒီဂရီကောလိပ် ဒုတိယစာ မေးပွဲဖြေဆိုထားသော ကျောင်းသားတစ်ဦးက "တက္ကသိုလ်အဆင့်မြှင့်တင်ဖို့ ကျောင်းဆောင်တွေ ဆောက်တယ်။ အဲဒါကတော့ ကြာခဲ့ပါပြီ။ တက္ကသိုလ်အဆင့်မီဖို့အတွက် ဆရာ၊ ဆရာမ မလုံလောက်တာတွေ၊ လိုအပ်တာလေးတွေထပ်ဖြည့်ပြီးမှ တက္ကသိုလ်အဆင့် တောင်းတဲ့ပုံစံမျိုးပါ”ဟု ဆိုသည်။

လက်ရှိတွင် အဆင့်မြင့်ပညာဦးစီးဌာနအောက်၌ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် စုစုပေါင်း ၄၉ ကျောင်းရှိသည့်အနက် တက္ကသိုလ်အဆင့်မြှင့်တင်ရန် ဒီဂရီကောလိပ် ၅ ခုနှင့် ဒီဂရီကောလိပ်အဖြစ် မြှင့်တင်ရန် ဟားခါးကောလိပ်တစ်ခုသာ ကျန်ရှိနေခြင်းဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: thevoice

News Read 2963 times