ကျောင်းသား၊ ကျောင်းသူအများစုသည် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေအဖြစ် ဖြေဆိုပြီး တစ်ကြိမ်ကျရှုံးပါက နောင်နှစ်မှာ အပြင်ဖြေအဖြစ် ဖြေဆိုလေ့ရှိသဖြင့် ကျောင်းတက်ရောက်ကာ နှစ်ကြိမ် ဖြေဆိုနိုင် ကြောင်း သိရှိရန် အသိပေးစေခြင်း ဖြစ်ပါသည်။
‘‘တစ်နှစ်ကျပြီးရင် အပြင်ဖြေပဲ ဖြေရတော့မယ်လို့ တချို့က ထင်ကြတယ်။ တစ်နှစ်ကျောင်းတက်ပြီး ဖြေလို့ရတယ်ဆိုတာ မသိကြဘူး။ အဲဒါကြောင့် သိအောင် အသိပေးဖို့ ညွှန်ကြားထားတာပါ’’ လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က ပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို နဝမတန်းအောင်မြင်ပြီးနောက် ၂ နှစ်ဆက်တိုက် ကျောင်းတက်ကာ ဖြေဆိုခွင့်ရှိပြီး ၂ နှစ်ထက် ကျော်လွန်ဖြေဆိုမှုကို ပြင်ပဖြေအဖြစ်သာ ခွင့်ပြုနေခြင်း ဖြစ်သည်။
‘‘အောင်စာရင်းထွက်တဲ့နေ့ကတည်းက အောင်စာရင်းစာရွက်တွေကပ်တဲ့ဘေးမှာ ဒီနှစ်ကျတဲ့သူတွေ ကျောင်းတက်ပြီး ထပ်ဖြေနိုင်တဲ့အကြောင်း ကြေညာထားပေးတယ်။ အရင်နှစ်တွေကတည်းကတော့ ဒီစနစ်က ရှိပါတယ်။ လူသိပ်မသိကြတာပါ’’ လို့ အထက (၂)ရန်ကင်းမှ အထက်တန်းပြ ဆရာမတစ်ဦးကလည်း ပြောသည်။
ကျောင်းတက်၍ ၂ နှစ် ဖြေဆိုနိုင်ကြောင်း ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား အသိပေးရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများမှ တစ်ဆင့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများသို့ အဆင့်ဆင့် ညွှန်ကြားထားကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7Day Daily journal