ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ပြီး ပညာရေးကောလိပ် နှစ်နှစ်သင်တန်း လျှောက်ထားခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏ ၀င်ခွင့်ရစာရင်းများကို လာမည့်အပတ်ထဲတွင် ကြေညာမည် ဖြစ်သည်။
ယခုနှစ် တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး မူလတန်းဆရာအတတ်ပညာ ဒီပလိုမာနှစ်နှစ်သင်တန်းအတွက် ပညာရေးကောလိပ်အလိုက် စက်တင်ဘာလက ခေါ်ယူထားရာ ပညာရေးကောလိပ် ၂၄ ခုသို့ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ ရှစ်သောင်းကျော် လျှောက်ထားခဲ့သည်။
ယင်းတို့၏ ၀င်ခွင့်များကို လက်ရှိတွင် ရွေးချယ်ပြီးစီးသွား ပြီဖြစ်ကြောင်း ၀င်ခွင့်ရစာရင်းများကို ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးတွင် တင်ပြပြီး လာမည့် အပတ်ထဲတွင် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။
ပညာရေးကောလိပ်များကို လျှောက်ထားခဲ့သူ ရှစ်သောင်းကျော်ရှိခဲ့သော်လည်း ပညာရေးကောလိပ်များ၏ ၀င်ဆံ့အင်အားအရ ကျောင်းသား၊ ကျောင်းသူ ခုနှစ်ထောင်ကျော်ကိုသာ ရွေးချယ်နိုင်ခဲ့သည်။
ယင်းသင်တန်းအတွက် လက်ရှိပညာရေးကောလိပ်များတွင် ဆောက်လုပ်နေသော အိပ်ဆောင်များအချိန်မီ ပြီးစီးပါက ယခုနှစ်တွင် ၀င်ဆံ့အင်အား ကိုးထောင်အထိ လက်ခံနိုင်ကြောင်းသိရသည်။
"ဒီနှစ်အတွက် ခုနှစ်ထောင် ရွေးထားတယ်။ လျှောက်တာကတော့ ရှစ်သောင်းကျော်လောက်ရှိတယ်၊ အမှတ်ကတော့ တစ်ကျောင်းနဲ့ တစ်ကျောင်း မတူဘူး၊ မန္တလေးဘက်နဲ့ မကွေးဘက်က အမှတ်ကတော်တော်မြင့်တယ်" ဟု ပြောသည်။
အဆိုပါသင်တန်း၏ ၀င်ခွင့်ရ စာရင်းများကို ကြေညာပြီးသည်နှင့် သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် ဒီဇင်ဘာလ ၄ ရက်တွင် စတင်တက်ရောက်ရမည် ဖြစ်သည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: democracy