ပညာရေးတက္ကသိုလ်တွေကို သတ်မှတ်တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှအပ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှ ဝင်ခွင့်လျှောက်ထားလာပါက သင်ကြားမယ့်ဦးရေဟာ ၁၀ ရာခိုင်နှုန်းအထိ လက်ခံပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
‘‘ရန်ကုန်ပညာရေးတက္ကသိုလ်မှာဆို အောက်မြန်မာပြည်က ၁၀ တန်းအောင်တဲ့သူပဲ လက်ခံမယ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်မှာ ဆို အထက်မြန်မာပြည်က အောင်တဲ့သူပဲ လက်ခံမယ်လို့ သတ်မှတ်ထားပေမယ့် နယ်ကျော် တက်ချင်တယ်ဆိုရင် သတ်မှတ် ဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအထိ လက်ခံဖို့ စဉ်းစားပေးမယ်’’ လို့ အဆင့် မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောကြားထားပါတယ်။
ရန်ကုန်ပညာရေးတက္ကသိုလ်သို့ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှ ကျောင်းသား၊ ကျောင်းသူတွေကို ဝင်ခွင့်ပြုထားပြီး စစ်ကိုင်းပညာရေး တက္ကသိုလ်သို့ ကချင်၊ ကယား၊ ချင်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး တို့မှ ကျောင်းသား၊ ကျောင်းသူတွေကို လက်ခံမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၇-၁၈ ပညာသင်နှစ်မှာ ရန်ကုန်ပညာရေးတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဦး၊ စစ်ကိုင်းပညာရေး တက္ကသိုလ်က ၄၀၀ ဦးလက်ခံဖို့ လျာထားပြီး လျှောက်ထားသူရဲ့ တက္ကသိုလ်ဝင် စာမေးပွဲအောင် မြင်ခဲ့တဲ့ ဘာသာတွဲအလိုက် အထူးပြုဘာသာရပ်တွေ ကို ရွေး ချယ်သင်ယူနိုင်မယ်လို့ ဆိုပါတယ်။
ပညာရေးတက္ကသိုလ်တွေမှာ အမျိုးသား ၅၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၀ ရာခိုင်နှုန်း လက်ခံမှာဖြစ်ပြီး ဝင်ခွင့်ကို တက္ကသိုလ်ဝင်ခွင့် သင်တန်းရွေးချယ်မှု ကတ်ပြားမှာ ထည့်သွင်းလျှောက်ထားရမှာ ဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7Day Daily