၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ အဝေးသင်အတွက် စီးပွားရေးပညာနှင့် စီးပွားစီမံဘာသာရပ်တို့တွင် တက်ရောက်ရန် လျှောက်ထားပါက ယခင်ကကဲ့သို့ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တို့တွင် တက်ရောက် ရတော့မည် မဟုတ်ဘဲ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ် စသည့် တက္ကသိုလ်တို့တွင် တက်ရောက်ရမည် ဖြစ်သည်။
ယင်းကဲ့သို့ တက်ရောက်ရာတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ကျောင်းသား/သူများကို ၀င်ခွင့်ပြုမည်ဖြစ်သည်။
မုံရွာစီးပွားရေးတက္ကသိုလ်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့မှ ကျောင်းသား/သူများအား ၀င်ခွင့်ပြုမည်ဖြစ်သည်။
မိတ္ထီလာစီးပွားရေး တက္ကသိုလ်အတွက် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကယားပြည်နယ်တို့မှ ကျောင်းသား/သူများအား ၀င်ခွင့်ပြုမည်ဖြစ်သည်။
“အဝေးသင်တက္ကသိုလ်လျှောက်လွှာကတော့ ဇူလိုင်လလယ်လောက်ဆိုရင် ကြေညာမှာပါ၊ အမှတ်ဘယ်လောက်နဲ့ခေါ်မယ်၊ အရေအတွက် ဘယ်လောက်ခေါ်မယ်ဆိုတာကို စီစဉ်နေတုန်းဖြစ်ပါတယ်၊ အရင်ကတော့ အဝေးသင်တက္ကသိုလ်က စီးပွားရေးနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေကို ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွေပဲ တာဝန်ယူတာပါ၊ အခုတော့ စီးပွားရေးတက္ကသိုလ်သုံးခုက တာဝန်ယူမည်ဆိုပြီး ဒီနှစ်စပြောင်းတာပါ” ဟု ပြောသည်။
၂၀၁၉ ခုနှစ်မှစ၍ အဝေးသင်တက္ကသိုလ်လုပ်ငန်းများကို ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့က ဆောင်ရွက်ခြင်းပြုလုပ်တော့မည်မဟုတ်ဘဲ ကျောင်းအပ်လက်ခံခြင်း၊ စာမေးပွဲမေးခွန်းလွှာ များထုတ်ခြင်း၊ စာမေးပွဲစစ်ခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း၊ ဘွဲ့ပေးခြင်း စသည့်လုပ်ငန်းများကို သက်ဆိုင်ရာတက္ကသိုလ်အလိုက်သာ ဆောင်ရွက်ရတော့မည် ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: မြ၀တီ