၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံသစ်ဆိုင်ရာ ပညာရေးစကားဝိုင်း

၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံသစ်ဆိုင်ရာ ပညာရေးစကားဝိုင်း

ကျောင်းသား ကျောင်းသူတွေ သင်ခန်းစာတွေကို ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု၊ ကိုယ်ပိုင် ပင်ကိုစွမ်းရည်တွေနဲ့ပေါင်းစပ်ပြီး ဖြေဆိုနိုင်မှုတွေကို အားပေးဖို့အတွက် မေးခွန်းပုံစံတွေကို ပြောင်းလဲရတာဖြစ်တယ်။ (ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း)

၂ဝ၁၉ ခုနှစ် မတ်လစာမေးပွဲတွင် စတင်အသုံးပြုမည့် တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံသစ်ဆိုင်ရာ ပညာရေးစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာဖိုးကောင်း၊ မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အောင်မြင့်ဦး၊ အင်္ဂလိပ်စာဌာန ပါမောက္ခ (ဌာနမှူး)ဒေါက်တာပိုးပိုး၊ သင်္ချာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာချိုဝင်း၊ သတ္တဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာလေးသွယ်၊ ဓာတုဗေဒဌာန ပါမောက္ခ ဒေါက်တာ နီနီသန်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာဖြူဖြူအိတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်-

အစီအစဉ်မှူး။ ။ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မေးခွန်းပုံစံတွေ ပြောင်းလဲအသုံးပြုမယ် လို့ သိရပါတယ်။ ဘယ်ဘာသာရပ်တွေ မေးခွန်းပုံစံ ပြောင်းလဲမယ်၊ မေးခွန်းပုံစံသစ်ကို ဘာကြောင့် ပြောင်းလဲ အသုံးပြုရတယ် ဆိုတာ သိပါရစေ။

ဒေါက်တာဖိုးကောင်း။ ။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြ မယ့် ကျောင်းသား ကျောင်းသူ တွေဟာ လက်ရှိအခြေအနေမှာ အလွတ်ကျက်မှတ်ဖြေဆိုမှု ကို အားသန်နေတဲ့အတွက် ကျောင်းသား ကျောင်းသူတွေ သင်ခန်းစာကို နှုတ်တိုက် အလွတ် ကျက်မှတ် ဖြေဆိုနေ တာထက် သင်ယူလေ့လာဆည်းပူးထားတဲ့ ဘာသာရပ်တွေ၊ သင်ခန်းစာတွေကို ကိုယ်ပိုင် စဉ်းစားတွေးခေါ်မှု၊ ကိုယ်ပိုင် ပင်ကိုစွမ်းရည်တွေနဲ့ပေါင်းစပ်ပြီး ဖြေဆိုနိုင်မှုတွေကို အားပေးဖို့ အတွက် မေးခွန်းပုံစံတွေကို ပြောင်းလဲရတာ ဖြစ်တယ်။

အစီအစဉ်မှူး။ ။ မေးခွန်းပုံစံသစ်ပြောင်းလဲရာမှာ ဘယ်လောက် အတိုင်းအတာ အထိ ပြောင်းလဲထားတယ်ဆိုတာနဲ့ ဘယ်လိုမျိုးကြိုတင် ပြင်ဆင်ခဲ့တယ်ဆိုတာကို သိပါရစေ။

ဒေါက်တာဖိုးကောင်း။ ။ မေးခွန်းပုံစံ ပြောင်းလဲရာမှာ အလုံးစုံပြောင်းလဲတာမျိုး မဟုတ် ပါဘူး။ ဘာသာရပ်ပေါင်းစုံက အစဉ်အဆက် တက္ကသိုလ် ဝင်တန်းမေးခွန်းပြုစုခဲ့ကြတဲ့ ဆရာကြီး ဆရာမကြီးတွေ၊ ပညာရှင်ကြီးတွေနဲ့ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးအဖွဲ့ အစည်းအဝေးတွေမှာ အကြိမ်ကြိမ်ဆွေးနွေးပြီး ယခင် ကတည်းက အဘက်ဘက်က စဉ်းစားချင့်ချိန် ဆောင်ရွက် ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ အခုပြောင်းလဲတယ် ဆိုတာကလည်း တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလ အခြေအနေနဲ့ အကြောင်းအမျိုးမျိုးအပေါ်အခြေခံပြီး လိုအပ်တဲ့အစိတ်အပိုင်းလောက်ပဲ ပြောင်းလဲတာ ဖြစ်ပါတယ်။

ပိုမိုအကျိုးဖြစ်ထွန်း

ဒီလိုပြောင်းလဲရာမှာ ကျောင်းသား ကျောင်းသူတွေရဲ့ အားသာချက်၊ အားနည်းချက်၊ ဆရာ ဆရာမတွေရဲ့ သင်ကြားမှုအတွေ့အကြုံ၊ စာစစ်အတွေ့အကြုံ၊ ဘာသာ ရပ်တွေရဲ့ သဘောသဘာဝ၊ ဘာသာရပ်တွေရဲ့လိုအပ်ချက် တွေအပေါ် အစစအရာရာချိန်ထိုးပြီး ကျောင်းသား ကျောင်းသူတွေဘက်ကရော၊ ဆရာ ဆရာမတွေအတွက်ရော၊ ဘာသာရပ်တွေ အတွက်ရော အဆင်အပြေဆုံး၊ အသင့် လျော်ဆုံးနဲ့ ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်မယ့် အပိုင်းကဏ္ဍ အချို့ကိုပဲ မွမ်းမံပြင်ဆင်ပြီး ဖြည့်စွက်တာဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ မေးခွန်းပုံစံ ပြောင်းလဲတဲ့အတွက် ပြဋ္ဌာန်းစာအုပ်တွေရော အပြောင်း အလဲ ရှိပါသလားရှင်။

ဒေါက်တာဖိုးကောင်း။ ။ မေးခွန်းပုံစံသစ်ကို ပြောင်းလဲ ပေမယ့် ကျောင်းသား ကျောင်းသူ တွေ၊ လေ့လာသင်ယူရမယ့် ပြဋ္ဌာန်းချက်နဲ့ သင်ခန်းစာ တွေကတော့ ပြောင်းလဲမှုမရှိပါဘူး။

အစီအစဉ်မှူး။ ။ မြန်မာစာဘာသာရပ်အနေနဲ့ ထူးထူးခြားခြား ပြောင်းလဲ ထားတာများရှိရင် သိပါရစေ။

ဒေါက်တာအောင်မြင့်ဦး။ ။ မြန်မာစာဘာသာရပ်အနေနဲ့ လက်တွေ့ဘဝမှာ မြန်မာစာကို မှန်မှန်ကန်ကန် ဖြေနိုင်ဖို့၊ ကျောင်းသား ကျောင်းသူတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆတွေ ရှင်သန်လာဖို့နဲ့ မြန်မာစာကို ကိုယ်ပိုင် စွမ်းရည်နဲ့ မှန်မှန်ကန်ကန် ရေးသား နိုင်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ ပြုပြင်ပြောင်းလဲထားပါတယ်။ အဲဒီလိုပြောင်းလဲတဲ့နေရာမှာ မေးခွန်းအနေနဲ့ ခြောက်ပုဒ် မေးပါတယ်။ အရင်ကလည်း ခြောက်ပုဒ်၊ အခုလည်း ခြောက်ပုဒ် မေးပါတယ်။ အရေအတွက် မပြောင်းလဲပါဘူး။တစ်ပုဒ်ချင်းအနေနဲ့ဆိုရင်တော့ နံပါတ်(၁) မြန်မာသဒ္ဒါ မေးခွန်းတွေမှာ မှန်မှန်ကန်ကန် ရေးနိုင်မယ့် ရှုထောင့်ကို ဦးတည်ပြီး သဒ္ဒါလေ့ကျင့်ခန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ပြီးတော့ မေးနိုင်အောင် ပြုပြင်ထားပါတယ်။

မေးခွန်းနံပါတ်(၂) အနေနဲ့တော့ ကျောင်းသား ကျောင်းသူ၊ အခုနောက်ပိုင်းမှာ လူငယ်တွေအမှားများတဲ့ မြန်မာစာရဲ့ စာလုံးပေါင်းသတ်ပုံမှားယွင်းမှုကို ကာကွယ်နိုင် ဖို့အတွက် စာလုံးပေါင်းသတ်ပုံဆိုင်ရာ မေးခွန်းကို ထည့်ထားပါတယ်။ အလင်္ကာနဲ့ပတ်သက်ရင်တော့ မြန်မာ စာအရေးအသားမှာ အလင်္ကာဆိုတာ စာပေအဖွဲ့အနွဲ့ရဲ့ တန်ဖိုးပါ။ အလင်္ကာကို အရင်တုန်းကတော့ အမျိုးအစား ပြောပြီးတော့ ဖြေခိုင်းတာဖြစ်တော့ ကျောင်းသား ကျောင်းသူတွေက အလင်္ကာ အမျိုးအစားကို စူးစမ်းစရာ မလိုတော့ဘူး။ အဲဒီလိုဖြစ်နေတော့ အခုပြောင်းလဲတဲ့ မေးခွန်းမှာ အလင်္ကာ အမျိုးအမည်ကို မဖော်ပြဘဲနဲ့ ကျောင်းသား ကျောင်းသူတွေ စာအဖွဲ့အနွဲ့တစ်ခုကို တွေ့ရင် ဘာအလင်္ကာ အမျိုးအစားလဲဆိုတာ သူတို့ကိုယ်ပိုင် ဉာဏ်နဲ့ စဉ်းစားပြီးဖြေဆိုနိုင်မယ့် မေးခွန်းမျိုးဖြစ်အောင် ပြောင်းလဲထားပါတယ်။

ကိုယ်ပိုင်ရေးသားတင်ပြနိုင်မှုကို အလေးပေး

မေးခွန်းနံပါတ်(၃)နဲ့ (၄)ကတော့ စကားပြေ၊ ကဗျာ မေးခွန်းတိုနဲ့ မေးခွန်းရှည်ဖြစ်ပါတယ်။ (၃)နဲ့(၄)မှာ သိပ်ထူးထူးခြားခြားပြောင်းလဲထားတာ မရှိပါဘူး။ မေးခွန်းတိုမှာတော့ မေးကွက်ကို နည်းနည်းချဲ့ထွင်ထားတာ ရှိပါတယ်။

ကဗျာစာသားတွေဆိုလိုရင်းထည့်မေးတာမျိုး၊ စကားပြေစာသားကို မေးခွန်းတိုထည့်မေးတာမျိုး ရှိပါ တယ်။ စကားပြေ၊ ကဗျာမေးခွန်းရှည်မှာတော့ မေးခွန်း ပုံစံကို ထူးထူးခြားခြားမပြောင်းပေမယ့် စစ်ဆေးအကဲဖြတ် တဲ့နေရာမှာတော့ ကျောင်းသား ကျောင်းသူတွေရဲ့ ကိုယ်ပိုင်ရေးသားတင်ပြနိုင်မှုကို အလေးပေးပြီး စစ်ဆေး အကဲဖြတ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

မေးခွန်းနံပါတ်(၅)ကတော့ ရေသည်ပြဇာတ်ပါ။ ရေသည်ပြဇာတ်မှာလည်း မြန်မာစာပေမှာ ပြဇာတ်ဆိုတဲ့ စာပေအမျိုးအစားက တော်တော်အထင်ကရဖြစ်ခဲ့တဲ့ စာပေအမျိုးအစားပါ။ အဲဒီစာပေအမျိုးအစားကို လူငယ် တွေ သိစေချင်လို့ သင်ခဲ့တာဖြစ်ပေမယ့် မူလစာမေးပွဲရဲ့ မေးခွန်းအနေအထားအရ ရည်မှန်းချက်မပေါက်မြောက် ပါဘူး။ ပြဇာတ်မှာပါတဲ့ အကြောင်းအရာလောက်ကိုပဲ အလွတ်ကျက်ပြီးတော့ ဖြေနေကြတာကို တွေ့ရတဲ့အတွက် ပြောင်းလဲတဲ့ မေးခွန်းပုံစံမှာ ပြဇာတ်သဘောသဘာဝ၊ ပြဇာတ်အတတ်ပညာ၊ ပြဇာတ်ရဲ့ အရေးအသားပိုင်း တွေပါထည့်မေးဖို့ ပြောင်းလဲထားပါတယ်။

ကြီးကြီးမားမားပြောင်းလဲ

နောက်ဆုံးကြီးကြီးမားမား ပြောင်းလဲတယ်လို့ ပြောလို့ ရမယ့် မေးခွန်းကတော့ နံပါတ်(၆)ပါ။ နံပါတ်(၆)မှာ အရင်တုန်းကတော့ စာစီစာကုံးတစ်မျိုးတည်း မေးပါတယ်။ ပေးမှတ်ကိုလည်း အမှတ် ၂ဝ အထိ ပေးထားပါတယ်။

ဒီလိုပေးတာကလည်း စာစီစာကုံးဆိုတာ ကျောင်းသား ကျောင်းသူတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ အရေးအသား နဲ့ရေးစေချင်တဲ့ အတွက်ကြောင့် အမှတ်ကို အများဆုံး ပေးထားတာပါ။

ဒါပေမယ့် ကြာလာတဲ့အခါကျတော့ စာစီစာကုံး ခေါင်းစဉ်တွေကလည်း ဆင်တူယိုးမှားတွေ ဖြစ်လာတော့ ကျောင်းသား ကျောင်းသူတွေက ကိုယ်ပိုင် ရေးသားဖို့ အားမထုတ်တော့ဘဲ အလွတ်ကျက်ပြီးတော့ ဖြေနေတော့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်၊ ကျောင်းသား ကျောင်းသူတွေအတွက် စာစီစာကုံးကျက်ရတော့ အင်မတန် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်၊ အကျိုးလည်း မရှိဘူး။ အဲဒီဟာကို ဖြေလျှော့ဖို့အတွက် အချိန်တော်တော်ကြာ ကတည်းက စဉ်းစား၊ ပညာရှင်ကြီးတွေနဲ့လည်း တိုင်ပင် ပြီးတော့ လုပ်ခဲ့တာပါ။ အခု နံပါတ်(၆)မှာ အမှတ် ၂ဝ ပေးတဲ့ စာစီစာကုံးကို ၁ဝ မှတ် လျှော့လိုက်မယ်။

အဆိုဆွေးနွေးမေးခွန်း

နောက် ၁ဝ မှတ်အတွက်ကိုတော့ ကျောင်းသား ကျောင်းသူတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆနဲ့ လွတ်လွတ် လပ်လပ် ရေးနိုင်တဲ့ သူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်Decision Making အတွက်ပါ အကျိုးပြုနိုင်တဲ့ အဆို ဆွေးနွေး မေးခွန်းကို ၁ဝ မှတ်ဖိုးအနေနဲ့ ထည့်မေးထား တာပါ။

ဒီနေရာမှာ တစ်ခုပြောချင်တာက စာစီစာကုံးမှာ လည်းပဲ ၁ဝ မှတ်ပေးပြီးတော့ ပုံကြမ်းအချက်အလက်ကို ငါးချက်ပဲပေးမှာ ဖြစ်ပါတယ်။ အဲဒီ ငါးချက်အတိုင်းပဲ ရေးရမှာဖြစ်ပြီးတော့ ပုံကြမ်းတစ်ချက်ကို နှစ်မှတ်နှုန်းနဲ့ အကဲ ဖြတ်သွား မှာဖြစ်ပါတယ်။

အလွတ်ကျက်ပြီးတော့ ပုံကြမ်းကို မလိုက်နာဘဲနဲ့ အလွတ်ကျက်ထားတာကို လျှောက်ရေးနေရင်တော့ အမှတ်မရနိုင်ပါဘူး။ အဲဒီလို ဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဒီအချက် ကို သတိထားဖို့လိုပါလိမ့်မယ်။ ပေးထားတဲ့ပုံကြမ်း အချက်အလက် ငါးချက်အတိုင်းပဲ အချက်တစ်ချက်ကို စာတစ်ပိုဒ်နှုန်းနဲ့ စာပိုဒ် ငါးပိုဒ်ဖြေဖို့ ဆွေးနွေးထားပါတယ်။

အဆိုဆွေးနွေးမေးခွန်းမှာလည်း ဒီအတိုင်းပါပဲ။ ပေးထားတဲ့ အဆိုတစ်ခုကို ကျောင်းသား ကျောင်းသူတွေက ကိုယ်ရပ်တည်တဲ့ဘက်က ပေးထားတဲ့ အကြောင်းအရာ ပေါ်မှာ သဘောကျရင်လည်း ထောက်ခံတဲ့ဘက်က ရပ်တည်၊ သဘောမကျရင်လည်း ကန့်ကွက်တဲ့ဘက်က ရပ်တည်ပြီးတော့ သူတို့ရဲ့အတွေးအခေါ် အယူအဆ အတိုင်းရေးဖို့ ကျွန်တော်တို့ ခွင့်ပေးထားပါတယ်။ ဖြေဆို မယ့်ပမာဏကတော့ စာပိုဒ် လေးပိုဒ်ပဲ လျာထားပါတယ်။

ပထမတစ်ပိုဒ်မှာတော့ အဆိုအပေါ်မှာ သူတို့ရဲ့အမြင် သဘောထား၊ ထောက်ခံချင်သလား၊ ကန့်ကွက်ချင်သလား၊ အောက်နှစ်ပိုဒ်ကတော့ ကန့်ကွက်ချင်ရင်လည်း ကန့်ကွက် တဲ့အကြောင်းရင်းတွေကို စာနှစ်ပိုဒ်ရေးပြီးတော့မှ နောက်ဆုံး စတုတ္ထပိုဒ်မှာတော့ ဘာကြောင့် ဒီအဆိုကို ကန့်ကွက်ရတယ်။ ဒါမှမဟုတ် ထောက်ခံရတယ်ဆိုတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ နိဂုံးချုပ်ဖို့ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာစာမေးခွန်းအနေနဲ့တော့ ပြောင်းလဲမှုက မများဘူးလို့လည်း ပြောလို့ရတယ်။ များတယ်လို့လည်း ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသား ကျောင်းသူတွေရဲ့ ကိုယ်ပိုင်ရေးသားတင်ပြ နိုင်မယ့် ကိုယ်ပိုင် အစွမ်းအစကို ပြနိုင်မယ့်ဘက်ကို တော်တော်လေး ဦးတည်ထားတာဖြစ်တဲ့အတွက် ဆရာ ဆရာမတွေအနေနဲ့ ကြိုတင်ပြင်ဆင်ပြီးတော့ လေ့ကျင့် သင်ကြားထားဖို့လိုပါတယ်။

မြန်မာစာဘာသာရပ်အနေ နဲ့တော့ ကိုယ့်မြန်မာစာ၊ မြန်မာစကားကို လေးစားတန်ဖိုး ထားနိုင်အောင်၊ လက်တွေ့ဘဝမှာလည်း အကျိုးရှိရှိသုံးလာ နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုပြင်ပြောင်းလဲထား တာဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ အင်္ဂလိပ်စာ ဘာသာရပ်အနေနဲ့ ထူးခြားမှုတွေကို သိပါရစေ။

ဒေါက်တာပိုးပိုး။ ။ အင်္ဂလိပ်စာ ဘာသာရပ်အနေနဲ့ဆိုရင် ကျောင်းသား ကျောင်းသူတွေ အလွတ် ကျက်မှတ်မှုကို လျော့နည်းစေပြီး သူတို့ရဲ့ကိုယ်ပိုင်ဥာဏ်နဲ့ ပြောဆိုရေးသား ဆက်သွယ်နိုင်မယ့် စွမ်းရည်တွေ တိုးတက် လာဖို့ ရည်ရွယ်ချက်နဲ့ အပြောင်းအလဲ အနည်းငယ်လုပ်ထား တာရှိပါတယ်။ အဲဒီလိုပြောင်းလဲတဲ့အခါ ခုနကပြောသလို သင်ခန်းစာ ပြဋ္ဌာန်းစာအုပ်ကို ပြောင်းမှာမဟုတ်ပါဘူး။မေးခွန်းကိုလည်း အရင်အတိုင်း ကိုးပုဒ်ပဲ မေးမှာပါ။ မေးခွန်းတစ်ပုဒ်စီ အတွက် ပေးထားတဲ့အမှတ်တွေကိုလည်း ပြောင်းလဲမှာ မဟုတ်ပါဘူး။

ကွက်လပ်ဖြည့်

ပြောင်းလဲမှုကို နှစ်ပိုင်းခွဲပြီးပြောပါမယ်။ ပထမ တစ်ခုက နည်းနည်း ကြီးကြီးမားမားပြောင်းလဲမှုပါ။ အဲဒါကတော့ နံပါတ်(၃)နဲ့ နံပါတ်(၅)မှာ ဖြစ်ပါတယ်။ နံပါတ်(၃)မှာဆိုရင် ကွက်လပ်ဖြည့်စာကြောင်း ၁ဝ ကြောင်း ပေးထား တယ်။ အဲဒီအထဲမှာ ကွက်လပ်ဖြည့် ငါးကြောင်းကတော့ သင်ခန်းစာထဲက၊ ကဗျာထဲက ကွက်လပ်ဖြည့် ငါးကြောင်း ဖြစ်ပါတယ်။ အခုတော့ နံပါတ်(၃) ကို A နဲ့ Bဆိုပြီး နှစ်ပိုင်း ဖြစ်ပါတယ်။

A အပိုင်းမှာတော့ အပြောင်းအလဲရှိပါတယ်။ အပြောင်း အလဲက အရင်တုန်းက ကျောင်းသားတွေက သင်ခန်းစာ ထဲက စာအကြောင်းအရာတွေကို ကျက်မှတ်ပြီး ကွက်လပ် ဖြည့် ဖြေရတာ ဖြစ်ပါတယ်။ အခုကတော့ ကျက်မှတ် စရာ မလိုတော့ပါဘူး။ ကျက်မှတ်ရတဲ့ မေးခွန်းမျိုးမဟုတ်တော့ ဘဲနဲ့ သူတို့လေ့လာသိရှိထားတဲ့ သင်ခန်းစာထဲမှာပါတဲ့ ဝေါဟာရတွေကို ပြန်ပြီးတော့အသုံးချတတ်မယ့် မေးခွန်း မျိုးပါ။ ရွေးချယ်ရတဲ့ မေးခွန်းမျိုး ငါးပုဒ် မေးပါမယ်။ B အပိုင်းကတော့ အရင်တုန်းကလိုပဲ ကဗျာထဲက ကွက်လပ်ဖြည့်ကတော့ ပြောင်းလဲမှုမရှိပါဘူး။

အလွတ်ကျက်မှတ်မှု လျော့နည်း

နောက်တစ်ခု အပြောင်းအလဲကတော့ နံပါတ်(၅)ပါ။ မေးခွန်းနံပါတ်(၅)မှာ အရင်တုန်းက သင်ခန်းစာ ထဲကပါတဲ့ စာပိုဒ်တစ်ပိုဒ်ကို ပေးထားပြီးတော့မှ ဒီစာပိုဒ်ကို ဖတ်ပြီးတော့ သူတို့ရဲ့နားလည်နိုင်စွမ်းနဲ့ မေးခွန်းတွေ ပြန်ဖြေရတာပါ။ ဒါပေမယ့် အဲဒီလိုလုပ်တဲ့အခါ ကျောင်းသား ကျောင်းသူတွေက ပြဋ္ဌာန်းစာအုပ်ထဲမှာပါတဲ့ သင်ခန်းစာတွေကို အလွတ်ကျက်မှတ် ပါတယ်။

အဲဒီလို ကျက်မှတ်မှုကို လျော့နည်းသွားအောင် သူတို့ရဲ့ စာကို ဖတ်ပြီးတော့ နားလည်နိုင်တဲ့ စွမ်းရည်ကို တကယ်စစ်ဆေး တဲ့ မေးခွန်းမျိုးဖြစ်အောင် ကျောင်းသား ကျောင်းသူတွေရဲ့ အဆင့်နဲ့ ကိုက်ညီတဲ့ စာပိုဒ်တစ်ပိုဒ်၊ သူတို့ မဖတ်ဖူးသေး တဲ့ စာပိုဒ်တစ်ပိုဒ်ကို ပေးထားမယ်။ အဲဒီအပေါ်မှာ မူတည်ပြီး မေးခွန်း ငါးပုဒ်ကို ကျောင်းသား ကျောင်းသူများ ဖြေပေးရမှာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲတာကလည်း ကျောင်းသား ကျောင်းသူတွေ အလွတ် ကျက်မှတ်မှု လျော့နည်းပြီး စာကိုဖတ်ပြီး တကယ်နားလည်နိုင်စွမ်း ရှိလာအောင် ရည်ရွယ်ချက်နဲ့ ပြောင်းလဲတာ ဖြစ်ပါတယ်။

နောက်တစ်ပိုင်းက လုံးဝပြောင်းလဲတာမဟုတ်ဘဲ အနည်းငယ်ပြောင်းလဲပြုပြင်မွမ်းမံထားတာ ရှိပါတယ်။ အဲဒါကတော့ နံပါတ်(၂)ရယ်၊ နံပါတ်(၄)ရယ်၊ နံပါတ် (၈)ရယ်၊ နံပါတ်(၉)ရယ် ဖြစ်ပါတယ်။ နံပါတ်(၂)က ဖတ်စာအုပ်ထဲက စာပိုဒ်တစ်ပိုဒ် ပေးထားတယ်။ ကွက်လပ် ၂ဝ အတွက် ဖြည့်ရမယ့် စကားလုံး ၂ဝ ပေးထားတယ်။ ခုချိန်မှာတော့ သူတို့အတွက် ကွက်လပ်ဖြည့်ရမယ့် စကား လုံးကို ပိုပြီးတော့ ၂၅ လုံး ပေးထားမယ်။ ပိုပြီး စဉ်းစား စေချင်လို့ပါ။

နံပါတ်(၄)မှာကတော့ အရင်တုန်းကလို သမားရိုး ကျ ပုံသေမေးခွန်းမျိုး မမေးတော့ဘဲနဲ့ အရင်တုန်းက ရွေးချယ်စရာပေးထားတယ်။ ခုတော့ ရွေးချယ်စရာမပေး တော့ဘဲနဲ့ မေးခွန်း ငါးပုဒ်မေးမယ်။ အဲဒီမေးခွန်း ငါးပုဒ် ကိုပဲ ဖြေဆိုပေးရမှာဖြစ်ပါတယ်။

နောက် နံပါတ်(၈)ကတော့ Letter Writing ပါ။ ခါတိုင်းမှာဆိုရင် ရွေးချယ် စရာ သုံးပုဒ်ပေးထားတယ်။ လောလောဆယ် မေးခွန်း ပြောင်းလဲမှုမှာတော့ နှစ်ပုဒ်ပဲ ပေးထားမှာပါ။ အဲဒီ နှစ်ပုဒ် ထဲကမှ ကြိုက်ရာတစ်ခု ရွေးချယ်ပြီး တော့ ဖြေရမှာဖြစ်ပါ တယ်။ ဒါပေမယ့် ကျောင်းသား ကျောင်းသူများ ကျစ်ကျစ်လျစ်လျစ်၊ ထိထိမိမိနဲ့ လိုရင်းတိုရှင်းရေးတတ် အောင် စာလုံးရေ ကန့်သတ်ထားပါတယ်။ Letter Writing တစ်ပုဒ်အတွက် စာလုံးရေ ၃ဝဝထက် မပိုစေဘဲနဲ့ ရေးသားဖို့ လိုပါတယ်။

စာလုံးရေ ကန့်သတ်

နံပါတ်(၉)ကတော့ Essay Writing ဖြစ်ပါတယ်။ အဲဒီ Essay မှာလည်း စာစီစာကုံးရေးရတဲ့အခါမှာ အရင်အတိုင်းပဲ ပြောင်းလဲမှုတော့ မရှိပါဘူး။ ခေါင်းစဉ် သုံးခုပေးထားပြီး မိမိနှစ်သက်ရာခေါင်းစဉ်တစ်ခုကို ရွေးပြီး ရေးသားရမှာဖြစ်ပါတယ်။

ဒါပေမယ့် ပြောင်းလဲမှု ကတော့ စာလုံးရေ ကန့်သတ်ထားပါတယ်။ စာလုံးရေ ၅ဝဝ ထက် ပိုမရေးရပါဘူး။ နံပါတ်(၈)နဲ့ နံပါတ်(၉)က ကျောင်းသား ကျောင်းသူတွေရဲ့ စိတ်ကူးစိတ်သန်း၊ တွေးခေါ်မြော်မြင်နိုင်မှု၊ တီထွင် ဖန်တီးနိုင်မှု၊ ဆုံးဖြတ်နိုင်မှု၊ မိမိရဲ့အမြင် အတွေးအခေါ်တွေကို ဖော်ထုတ်နိုင်မှုတွေကို ဆန်းစစ်တဲ့ မေးခွန်းမျိုးဖြစ်အောင် ကြိုးစားပြင်ဆင်ပြီး မေးထားတာ ဖြစ်ပါတယ်။ ဒီလိုမေးမှလည်း ကျောင်းသား ကျောင်းသူတွေဟာ တကယ်ပဲ ကိုယ့်ရဲ့အမြင်တွေ၊ အတွေးအခေါ်တွေကို အင်္ဂလိပ်လို ထုတ်ဖော်ပြီးတော့ ပြောဆိုနိုင်မယ့် စွမ်းရည်တွေ တိုးတက်လာမှာ ဖြစ်ပါတယ်။

နံပါတ်(၁)၊ (၆)နဲ့ (၇)မေးခွန်းတွေကတော့ လုံးဝ အပြောင်းအလဲမရှိပါဘူး။

အစီအစဉ်မှူး။ ။ သင်္ချာဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား ပြုပြင်ပြောင်းလဲထား တာလေးတွေကိုလည်း သိပါရစေ။

ဒေါက်တာချိုဝင်း။ ။ မေးခွန်းပုံစံသစ်မှာတော့ Section သုံးခု ပါဝင်ပါတယ်။ (Section A)မှာတော့ အရင်တုန်းကလို Multiple Choice မေးခွန်း တွေ ပါဝင်မှာ မဟုတ်တော့ပါဘူး။ ခု (Section A)မှာက ခြောက်မှတ်တန် မေးခွန်း ငါးပုဒ်မေးထားပြီး မေးခွန်း တစ်ပုဒ်စီမှာ အပုဒ်ခွဲ A နဲ့ Bခွဲပြီး သုံးမှတ်တန် မေးခွန်းများ ပါဝင်လာမှာ ဖြစ်ပါတယ်။ Chapter 1 to 7 ကနေ အပုဒ်ခွဲ ခြောက်ပုဒ်မေးထားပြီး Chapter 8 to 12 ကနေ အပုဒ်ခွဲ လေးပုဒ် မေးမှာ ဖြစ်ပါတယ်။ စုစုပေါင်း (Section A) မှာ ပေးမှတ် ၃ဝ ဖိုး ဖြစ်ပါတယ်။

ပြဋ္ဌာန်းစာအုပ်ကို အခြေခံ

(Section B) မှာတော့ Chapter 1 to 7 ကနေ ၁ဝ မှတ်တန် မေးခွန်း ငါးပုဒ် မေးထားပြီး ကြိုက်နှစ်သက်ရာ လေးပုဒ်ကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဒါကလည်း မေးခွန်းတစ်ပုဒ်စီမှာ အပုဒ်ခွဲ A နဲ့ B ခွဲပြီး မေးထားပါတယ်။

ဒါပေမယ့် ကန့်သတ်ချက်လေး တစ်ခုကတော့ ပုစ္ဆာ တစ်ပုဒ်စီမှာပါဝင်တဲ့ အပုဒ်ခွဲ A နဲ့ B ကို Chapter တစ်ခုတည်းကနေတွဲပြီး မေးမှာမဟုတ်ပါဘူး။ ဒါ့အပြင် တစ်တွဲနဲ့တစ်တွဲဟာလည်း မတူအောင်တွဲထားမှာ ဖြစ်ပါ တယ်။ ကျောင်းသား အများစုအတွက် ပြဋ္ဌာန်းစာအုပ်ကို အခြေခံတဲ့မေးခွန်းမျိုး၊ စဉ်းစားတွေးခေါ်မှု အနည်းငယ် ရှိရုံနဲ့ ဖြေဆိုနိုင်တဲ့ မေးခွန်းမျိုးများ ပါဝင်မှာဖြစ်ပါတယ်။

(Section C) မှာတော့ Chapter 8 to 12 ကနေ ၁ဝ မှတ်တန် မေးခွန်း လေးပုဒ်မေးထားပြီး ကြိုက်နှစ်သက်ရာ သုံးပုဒ်ကိုသာ ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ မေးခွန်း တစ်ပုဒ်စီမှာ အပုဒ်ခွဲ A နဲ့Bပါဝင်ပြီး အပုဒ်ခွဲတစ်ပုဒ်စီကို ငါးမှတ်တန် ပေးထားပါတယ်။ ဒါကတော့ ကျောင်းသားတွေရဲ့ သင်္ချာဘာသာရပ်အပေါ် စိတ်ပါဝင်စားမှုနဲ့ စဉ်းစားတွေးခေါ်မှု အနည်းငယ် မြင့်လာတဲ့မေးခွန်းများ ပါဝင်မှာဖြစ်ပါတယ်။

ကန့်သတ် ချက်ကတော့ မေးခွန်း တစ်ပုဒ်မှာပါဝင်တဲ့ အပုဒ်ခွဲ A နဲ့ Bကို Chapter တစ်ခုထဲကနေတွဲပြီး မေးမှာမဟုတ်ပါဘူး။ အတွဲတစ်တွဲနဲ့တစ်တွဲ မတူအောင်တွဲပြီး မေးမှာဖြစ်ပါ တယ်။ သို့သော်လည်း ဖြေဆိုသူ ကျောင်းသား ကျောင်းသူ များအနေနဲ့ စိုးရိမ်စရာမရှိတဲ့ မေးခွန်းမျိုးတွေဖြစ်ပါတယ်။ ဖြေဆိုသူများအခက်တွေ့စေမယ့် မေးခွန်း၊ ပညာပြတဲ့ မေးခွန်းမျိုး ပါဝင်မှာမဟုတ်ပါဘူး။ မိမိတို့ ရည်မှန်းထား သလောက်၊ ကြိုးစားမှုရှိသလောက် အမှတ်များ ပြည့်ပြည့်ဝဝ ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။

source: MOI Webportal Myanmar

News Read 6812 times