ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းများ နိုဝင်ဘာတွင် ဖွင့်လှစ်

ပညာရေးဒီဂရီကောလိပ်များတွင် ပညာရေးနှင့်သင်ပြနည်းဒီပလိုမာသင်တန်း အမှတ်စဉ် (၃) ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ (၂၅) ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်လှစ်မည့်သင်တန်းအမည်

ပညာရေးနှင့်သင်ပြနည်းဒီပလိုမာသင်တန်း (Diploma In Education and Pedagogy - Dip.EP) 

သင်တန်းကာလ

သင်တန်းကာလမှာ ပထမနှစ်ဝက် (၄) လခွဲနှင့် ဒုတိယနှစ်ဝက် (၄) လခွဲ စုစုပေါင်း (၉) လဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက ဒီပလိုမာလက်မှတ် ပေးအပ်မည်ဖြစ်သည်။ 

သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရပါမည်-

  • လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ စိတ်ပညာ၊ အဏ္ဏဝါသိပ္ပံ၊ ကုန်ထုတ်ဓာတုဗေဒ၊ ဥပဒေ၊ Microbiology၊ Biotechnology၊ Biochemistry၊ Environmental Studies၊ Geology၊ B.A. (မြန်မာမှု)၊ B.A.(ရသ)၊ B.A.(ဂီတ)၊ B.A.(သဘင်)၊ B.A.(ပန်းချီ)၊ B.A. (ပန်းပု)၊ B.A.(Business Science)၊ B.BSc.၊ B.Sc.(Sports)၊ B.Econ.(Stats)၊ B.Com.) ရရှိပြီးသူ ဖြစ်ရမည်။
  • ပြင်ပဘွဲ့ရများအတွက် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် အသက် (၃၇) နှစ်ထက် မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက နိုဝင်ဘာလ (၃၀) ရကနေ့တွင် အသက်(၄၂) နှစ်ထက် မကြီးသူ ဖြစ်ရမည်။
  • သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲ၏ ခွင့်ပြုစာကို ပူးတွဲတင်ပြရမည်။
  • ကျန်းမာရေးကောင်းမွန်၍ ဆရာ့တာဝန်ထမ်းဆောင်နိုင်ပြီး မည်သည့်ပညာရေးဒီဂရီကောလိပ်တွင်မဆို တက်ရောက်နိုင်သူ ဖြစ်ရမည်။
  • အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။ 
  • အချိန်ပြည့်သင်တန်းဖြစ်သဖြင့် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အခြားသင်တန်းတစ်ခုခုတက်ရောက်နေသူ မဖြစ်ရပါ။
  • သင်တန်းတက်ရောက်နေစဉ် ကိုယ်လက်ကြံ့ခိုင်လှုပ်ရှားမှုများ နေ့စဉ်ဆောင်ရွက်ရမည်ဖြစ်ပါ၍ ရွေးချယ်ခံရသည့် သင်တန်းသူသည် ကိုယ်ဝန်ဆောင်ခြင်းမရှိရပါ။

သင်တန်းလျှောက်ထားရမည့်ပုံစံ

သင်တန်းဝင်ခွင့်သတ်မှတ်ပုံစံကို ကိုယ်တိုင်ရေးသားဖြည့်သွင်းကာ လက်မှတ်ရေးထိုးရမည်။ လျှောက်လွှာကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ထက်နောက်မကျစေဘဲ လျှောက်လွှာတင်ရမည့် ပညာရေးဒီဂရီကောလိပ်တည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်တစ်ခုကို ကိုယ်စားပြု၍ လျှောက်ထားရမည်။

နေပြည်တော် ကောင်စီနယ်မြေအတွက် တောင်ငူပညာရေးဒီဂရီကောလိပ်တွင် လျှောက်ထားနိုင်သည်။ ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) ဦးစီးဌာနသို့ တိုက်ရိုက် လျှောက်ထားခြင်းမပြုရ။

လျှောက်လွှာပုံစံ

လျှောက်လွှာနှင့်အတူ -

  • တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အထောက်အထား(မိတ္တူ)
  • ဘွဲ့လက်မှတ်(မိတ္တူ)
  • နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)နှင့်
  • (၆)လအတွင်း  ရိုက်ကူးထားသည့် ပတ်စပို့အရွယ်ဓာတ်ပုံ(၂)ပုံတို့ကို ပူးတွဲတင်ပြရမည်။

အချက်အလက်များကို တိကျပြည့်စုံစွာ ရေးသား ဖော်ပြထားခြင်းမရှိသော လျှောက်လွှာများ၊ မမှန်မကန် ဖြည့်စွက်ရေးသားဖော်ပြ ထားသောလျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

သင်တန်းဝင်ခွင့်

သင်တန်းလျှောက်ထားသူများသည် အင်္ဂလိပ်စာနှင့် ပညာရေးဗဟုသုတ ရေးဖြေစာမေးပွဲအပြင် လူတွေ့နှုတ်ဖြေကိုလည်း သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ်များတွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုမည့်ရက်ကို သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ်များတွင် ကြေညာပေးမည်။

ပညာရေးဒီဂရီကောလိပ်အသီးသီးတွင် ရေးဖြေအောင်မြင်သူများစာရင်းနှင့် လူတွေ့ဖြေဆိုရမည့်ရက်ကို သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ်များ၌ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး လူတွေ့ဖြေဆို အောင်မြင်သူများသာ သင်တန်းတက်ရောက်ခွင့်ရမည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်းနှင့် ဘွဲ့ရရှိမှု အထောက်အထား (မူရင်း) တင်ပြနိုင်ရမည်။

စည်းကမ်းချက်များ

သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် သင်တန်းပြီးစီးအောင် တက်ရောက်ရမည်။ သင်တန်းဆင်းလက်မှတ်ရရှိပြီးနောက် မူလတန်းပြအဖြစ် အနည်းဆုံး (၅) နှစ် တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိလက်မှတ် ရေးထိုးရမည်။

သင်တန်းပြီးစီးအောင် မတက်ရောက်ခဲ့လျှင်သော်လည်းကောင်း၊ ခန့်ထားခြင်းခံရသော အခြေခံပညာကျောင်းများတွင် တာဝန်မထမ်းဆောင်ခဲ့လျှင်သော် လည်းကောင်း သတ်မှတ်လျော်ကြေး ကျပ် (၂၀) သိန်းနှင့်အတူ ကျောင်းတက်ရောက်စဉ် ခံစားခဲ့သော လစဉ်ထောက်ပံ့ကြေး၊ စားသောက်စရိတ်များ ရှိပါက ပြန်လည်ပေးလျော်ရမည်။ 

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Latest Post Local News University / College Vocational Read 4035 times