ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များအနက် အဆင့်အမြင့်ဆုံးတက္ကသိုလ်များအဖြစ် တက္ကသိုလ်လေးခု သတ်မှတ်ခံရ

ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များအနက် အဆင့်အမြင့်ဆုံးတက္ကသိုလ်များအဖြစ် တက္ကသိုလ်လေးခု သတ်မှတ်ခံရ

အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် ယခုနှစ်တွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များကို ယင်းတို့ အခြေအနေဖြင့် သင့်လျော်သော သုတေသနမေးခွန်းများပြုစုပြီး မေးမြန်းခဲ့ရာ နည်းပညာတက္ကသိုလ်များထဲတွင် ရန်ကုန်နည်းပညာတက္ကသိုလ်သည် အဆင့်တစ်ဖြင့် အကောင်းဆုံးတက္ကသိုလ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း၊ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်များထဲတွင် မန္တလေးတက္ကသိုလ်သည် အဆင့်တစ်၊ ပညာရေးတက္ကသိုလ်များထဲတွင် ပုသိမ်ပညာရေးတက္ကသိုလ်သည် အဆင့်တစ်၊ ကွန်ပျူတာ တက္ကသိုလ်များထဲတွင် မန္တလေးကွန်ပျူတာတက္ကသိုလ်သည် အဆင့်တစ်ဖြင့် အသီးသီးသတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

READ - တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ပျောက်ဆုံးပါက တစ်နှစ်ကြာပြီးမှသာ ပြန်လည်လျှောက်ထားခွင့်ရှိမည်

“ဒီလိုသတ်မှတ်တယ်ဆိုတာက မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းတွေရဲ့ အခြေအနေက ဘယ်လိုအနေအထား ရှိတယ်ဆိုတာကို ကိုယ့်နိုင်ငံရဲ့ တက္ကသိုလ်တွေရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ မေးခွန်းတွေနဲ့ သုတေသနလုပ်ခဲ့တာပါ။ ဒီလိုသတ်မှတ်လိုက်တယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်မှာတော့ မဟုတ်ဘူး။ ၀န်ကြီးဌာနကို ပံ့ပိုးပေးတဲ့သဘောပဲ။ ၀န်ကြီးဌာနအနေနဲ့ Plan လုပ်လို့ရအောင် လိုအပ်တာတွေကို ဆက်လုပ်ပေါ့ “ဟု ပြောကြားသည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်အနေဖြင့် တက္ကသိုလ်ပေါင်း ၁၅၀ ကျော်ကို ခေါင်းစဉ်ကြီး ငါးခုပါဝင်သော မေးခွန်းများပေးပို့ပြီး ပြန်လည်ဖြေကြားလာသည့် အခြေအနေများကို အမှတ်ပေးကာ အဆင့်ခွဲခြားသတ်မှတ်ခဲ့သည်။

ခေါင်းစဉ်ကြီးငါးခုမှာ သုတေသနလုပ်ငန်း၊ သင်တန်းရေးရာ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ အခြေအနေ၊ စီမံခန့်ခွဲရေး အခြေအနေတို့ဖြစ်သည်။

ယင်းခေါင်းစဉ်များ၏ အောက်တွင် သက်ဆိုင်ရာ မေးခွန်း ၃၈ ခုကို အသေးစိတ် ပြန်လည်ခွဲခြားပြီး မေးခွန်းများ ပြုစုမေးမြန်းခဲ့ကြောင်း သိရသည်။

“ဒီလိုသတ်မှတ်ဖို့အတွက် နှစ်စဉ်လုပ်ဖို့တော့ ရည်မှန်းထားတယ်။ တက္ကသိုလ်တွေအနေနဲ့လည်း ကြိုးစားဖြည့်ဆည်းမှုတွေ လုပ်ရမှာပေါ့။ သူတို့ဆီမှာ ပေးထားတဲ့ မေးခွန်းတွေရှိနေပြီ။ အဲဒီမေးခွန်းတွေမှာ ပါတဲ့ အချက်အလက်တွေထဲက ဘာတွေလိုနေသေးလဲ၊ လိုတာကို ဖြည့်ပေးထားရမှာပေါ့။ ဒီနှစ်မှာ ရန်ကုန်နည်းပညာတက္ကသိုလ်က ပထမရပေမယ့် နောက်နှစ်မှာ မန္တလေးနည်းပညာတက္ကသိုလ် ပထမရချင်ရမှာပေါ့” ဟု ပြောကြားသည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်အနေဖြင့် တက္ကသိုလ်အသီးသီးသို့ ပေးပို့သော မေးခွန်းများထဲတွင် အချက် ၃၈ ချက် ပါဝင်ပြီး ၃၅ ချက်ကိုသာ အမှတ်ပေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 10158 times