ပညာရေးဝန်ကြီးဌာနရှိ နေ့စားလပေးဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားပေးနိုင်ရေး လက်မှတ်ရေးထိုး တောင်းဆို

ပညာရေးဝန်ကြီးဌာနရှိ နေ့စားလပေးဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားပေးနိုင်ရေး လက်မှတ်ရေးထိုး တောင်းဆို

ပညာရေးဝန်ကြီးဌာနတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နေရသည့် နေ့စားလပေး ဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားပေးနိုင်ရေးအတွက် အခြေခံ ပညာနေ့စားလပေးဝန်ထမ်းများက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပညာရေးဝန်ကြီးဌာနထံ လက်မှတ် ရေးထိုးတောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဝန်ထမ်းလိုအပ်ချက်များအရ ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ် ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် နေ့စားလပေးသင်ကြားရေး ဝန်ထမ်းများနှင့် ရုံးဝန်ထမ်းများကိုခေါ်ယူခန့်ထားခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် တွင် ခေါ်ယူခဲ့သည့် နေ့စားလပေးသင်ကြားရေး ဝန်ထမ်းများနှင့် ရုံးဝန်ထမ်းများကိုမူ လုပ်သက်တစ်နှစ်ပြည့်ပြီးနောက် အမြဲတမ်း ဝန်ထမ်းများအဖြစ် ခန့်ထားပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ခေါ်ယူခဲ့သည့် နေ့စားလ ပေးဝန်ထမ်းများတွင်မူ နေ့စားလပေးသင်ကြားရေးဝန်ထမ်းများကိုသာ လုပ်သက်တစ်နှစ်ပြည့်သည့် အချိန်တွင် အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားပေးခဲ့ပြီး နေ့စားလပေးရုံးဝန်ထမ်းများကိုမူ လုပ်သက် နှစ်နှစ် ကျော်မြင့်လာသည့် အချိန်ထိအမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားပေးခဲ့ခြင်းမရှိသေးဘဲ နေ့စားအဖြစ်သာ ဆက်လက်ထားရှိနေသေးပြီး အမြဲတမ်းဝန်ထမ်းများကဲ့သို့ လုပ်ငန်းခွင်အတွင်းလုပ် ဆောင်စေလျက် ရှိသောကြောင့် လစာ၊ ဝန်ထမ်းလုပ်သက်နှင့် နိုင်ငံဝန်ထမ်းတစ်ဦး၏ ခံစားပိုင်ခွင့်များကို ဆုံးရှုံးနေရသောကြောင့် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားပေးပါရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နေ့စား လပေးဆိုတာကတော့ ဌာနဆိုင်ရာ အသီးသီးမှာရှိကြတယ်ဗျ၊ ဒါပေမဲ့ ကျွန် တော်တို့ ပညာရေးဌာနမှာခန့်ထားတဲ့ နေ့စား လပေးနဲ့ အခြားဌာနတွေမှာခန့်ထားတဲ့ နေ့စားလပေးက မတူဘူး။ အခြားဌာနတွေမှာ ခန့်ထားတဲ့ နေ့စားလပေးတွေကျတော့ လုပ်ငန်းလိုအပ်ချက်ကြောင့် ခေါ်ယူဖြည့်ဆည်းတဲ့ အလုပ်သမားသဘောမျိုးဖြစ်ပြီးတော့ ကျွန်တော်တို့ ပညာရေးမှာ ခန့်ထားတဲ့နေ့စားလပေးကတော့ ဖွဲ့စည်းပုံအရအမှန်တကယ် လို အပ်တဲ့ လစ်လပ်ရာထူးတွေကို ကျောထောက်နောက်ခံပြုပြီးတော့ ခန့်ထားခဲ့တာဖြစ်ပါ တယ်၊

ကျွန်တော်တို့ အခြေခံပညာမှာ နေ့စားလပေးသင်ကြားရေးနဲ့ ရုံးဝန်ထမ်းဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒီနှစ်မျိုးမှာ နေ့စားလပေး စာ မေးပွဲအတူတူဖြေခဲ့ကြတာ သူတို့က နေ့စားလပေး ရာထူးရဖို့အတွက်ပေါ့။ ဒီလိုအတူတူကို နေ့စားလပေး သင်ကြားရေးတွေကို ၁ ရက် ၈ လ ၂၀၁၇ ခုနှစ်မှာ အမြဲတမ်းဝန်ထမ်းခန့် ထားပေးခဲ့ပေမဲ့ ရုံးဝန်ထမ်းတွေကိုတော့ အခု ချိန်ထိ ပါမစ်နစ် ဝန်ထမ်း မခန့်ထားပေးတာက ပညာရေးဝန်ကြီးဌာနတစ်ခုတည်း လက်အောက်မှာအတူတူလုပ်နေတဲ့ ဝန်ထမ်းချင်းအတူတူ ခွဲခြားဆက်ဆံတယ်လို့ ယူဆလို့ အခုလိုတောင်းဆိုရတာပါ။

အရင်တုန်းကနှစ် ကြိမ်မှာလည်း နေ့စားလပေးရုံးဝန်ထမ်းတွေကို လုပ်သက်တစ်နှစ်ပြည့်ချိန်မှာ အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်ထားပေးပါတယ်။ အခုနေ့ စားလပေးဆိုပေမဲ့ ရုံးပိတ်ရက်တွေမှာလည်း လိုအပ်ချက်အရဆိုပြီး အလုပ်ဆင်းပေးနေရ တာပဲ ပြီးတော့ နေ့စားလပေးဆိုတော့ အချိန်ပိုကြေး ခံစားခွင့်ပေးလားဆိုတော့လည်း မပေးဘူး။ နောက်ပြီးတော့ ဝန်ထမ်းလုပ်သက်မှာလဲ ခံစားခွင့်မရှိဘူး။ ရာထူးတိုးနယ်ပြောင်းတာဆိုလဲ တင်ပြခွင့်မရှိဘူး။ ကျန်းမာရေးဆိုင် ရာခံစားခွင့်တွေပါ ခံစားခွင့် မရှိဘူး ဒါကြောင့်မလို့ ကျွန်တော်တို့ကတောင်းဆိုရတာပါ၊

ဒါနဲ့ပတ်သက်ပြီး အခုဆို နိုင်ငံတော်သမ္မတရော အတိုင်ပင်ခံပုဂ္ဂိုလ်ရောပညာရေးဌာနကိုပါ တင်ပြထားပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ နေ့စားလပေးဝန်ထမ်းတွေကို နေပြည်တော်မှာစုစည်းပြီးတော့လဲ ဆန္ဒထုတ်ဖော်တောင်းဆိုဖို့ လုပ်သွားမှာပါ” ဟုအခြေခံပညာရေးလုပ်သားများသမဂ္ဂဖြစ်မြောက်ရေး ဗဟိုလုပ်ငန်း ကော်မတီဝင်တစ်ဦးဖြစ်ပြီး နေ့စားလပေး ပညာရေးဝန်ထမ်းများ အမြဲတမ်းဝန်ထမ်းခန့်အပ်ရေး လှုပ်ရှားမှုကော်မတီ တာဝန်ခံဖြစ်သူ ဆရာဦးဖြိုးဝေအောင်က ဆိုသည်။

နေ့စားလပေးဝန်ထမ်းများ၏ နစ်နာမှုများနှင့်ပတ်သက်၍  နေပြည်တော်ဥတ္တရသီရိ မြို့နယ်မှ ဆရာမဒေါ်အေးနွယ်ဝင်းက “အခု ၁၁ လပိုင်း ၃ ရက်ဆို ကျွန်မတို့ လုပ်သက် နှစ်နှစ်နဲ့သုံးလပြည့်ပါပြီ။ ကျွန်မကကျောင်း မှာ တာဝန်ကျတာပါ။ ရာထူးက လုပ်သားသိပ္ပံ ပါ။ ဒါပေမဲ့ စနေ၊ တနင်္ဂနွေတောင်မှ မရှောင်ရဘဲ ခိုင်းတာအကုန်လုပ်ပေးရတာပဲ။

အခုဆို လစာတောင်မလောက်လို့ အိမ်ပြန်တာတောင် အဆင်မပြေဘူး။ အိမ်ကတောင်ပြန် တောင်းရတယ်။ ရာထူးတိုးစာမေးပွဲတွေဆိုလည်း ဖြေချင်တာမဖြေရဘူး။ အခုနေ့စားခက တစ်နေ့ကို ၄၈၀၀ ရတယ်။ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေဆို အဲဒါကို မရတော့ဘူး။ အလုပ်သာ သွားလုပ်ပေးနေရတာ” ဟု ပြော ကြားသည်။

ပညာရေးဝန်ကြီးဌာနရှိ နေ့စားလပေး ဝန်ထမ်းများအနေဖြင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး နေပြည်တော်တွင်လည်း မြန်မာတစ်နိုင်ငံလုံးရှိ နေ့စားလ ပေးဝန်ထမ်းများစုစည်းကာ ဆန္ဒထုတ်ဖော် တောင်းဆိုမှုများပါ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။    

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: news-eleven

News Read 2725 times