ပညာရေးကောလိပ်များကို တစ်နှစ်ချင်းစီ အဆင့်တိုးမြှင့်ရန် မူလက လျာထားသော်လည်း လက်ရှိ အခြေအနေအရ ၂၀၁၉ ဒီဇင်ဘာလတွင် ပညာရေးကောလိပ်အားလုံးကို B.A (Education), B.Sc (Education) ဘွဲ့ပေးမည့် ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးပေးရန် စီစဉ်နေသည်ဟု အောက်တိုဘာ ၁၉ ရက်က 7 Day ဂျာနယ်၏ မးမြန်းမှုကို ယင်းက ဖြေကြားခဲ့ပါတယ်။
“၂၀၁၉ မှာ ၂၅ ကျောင်းလုံး အဆင့်တိုးဖို့ လုပ်နေပြီ။ အခု ဒီအတွက် သင်ရိုးက ပြီးပြီ။ သင်ရိုးကို စမ်းသပ်သင်ဖို့ကို ဘယ်လိုပုံစံသင်ကြမလဲဆိုတာ ရန်ကုန်နဲ့ မန္တလေးမှာ Workshop နှစ်ကြိမ်လုပ်ပြီးပြီ။ အခု ဒီဇင်ဘာမှာ စမ်းသင်မယ်" ဟု ဒေါက်တာအောင်အောင်မင်းက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ ပညာရေးကောလိပ်များကို ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေပြီး အဆိုပါ ဒီဂရီကောလိပ်များတွင် အသုံးပြုမည့် သင်ရိုးညွှန်းတန်းသစ်များ ရေးဆွဲနေပြီး သင်ရိုးညွှန်းတမ်းအသစ်များကို UNESCO Steam Project (strengthening Pre-Service Teacher Education in Myanmar) နှင့် ပညာရေး တက္ကသိုလ်၊ ပညာရေးကောလိပ်များရှိ ပညာရှင်များ ပူးပေါင်းပြီး ဆရာအတတ်ပညာတတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်ကို အခြေခံရေးဆွဲထားသည်ဟု ဆိုခဲ့ပါတယ်။
လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များတွင် အသုံးပြုမည့် သင်ရိုးညွှန်းတမ်းသစ်များကို မန္တလေး ပညာရေးကောလိပ်နှင့် ရန်ကင်းပညာရေးကောလိပ်တို့တွင် Pilot Project အဖြစ် ၂၀၁၈ ဒီဇင်ဘာလတွင် စတင်စမ်းသပ်သင်ကြားရန် လျာထားသည်ဟု ၎င်းက ဆိုပါတယ်။
ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ပြီးပါက လေးနှစ်တက်ရောက်ရမည့် ပညာရေးဘွဲ့ သင်တန်းများ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး လက်ရှိပညာရေးကောလိပ်များမှ လုပ်ငန်းခွင်ကြို ဆရာအတတတ်ပညာလက်မှတ် (D.TEd) ရရှိထားသူများအား စာပေးစာယူသင်တန်းပုံစံဖြင့် B.A (Education), B.Sc (Education) ဘွဲ့ပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။
လက်ရှိ တစ်နိုင်ငံလုံးတွင် ပညာရေးကောလိပ် ၂၅ ခုရှိပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပါက ပညာရေးကောလိပ်များ ဖွင့်လှစ်သည့် လုပ်ငန်းခွင်ကြိုဆရာအတတ်ပညာ ဒီပလိုမာ (D. TEd) သင်တန်းဝင်ခွင့် လျှောက်ထားနိုင်ပါတယ်။
နှစ်နှစ်တက်ရောက်ရသည့်လုပ်ငန်းခွင်ကြို ဆရာအတတ်ပညာဒီပလိုမာ (D.Ted) သင်တန်းပြီးဆုံးပါက အခြေခံပညာကျောင်းများတွင် မူလတန်းပြအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း သိရပါတယ်။
ဆရာအတတ်ပညာသင်တန်းကို နှစ်နှစ်သာ ပို့ချသဖြင့် နိုင်ငံတကာနှင့် အာဆီယံဒေသတွင်း နိုင်ငံများ၏ ဆရာအတတ်သင်တန်းပို့ချမှုကာလနှင့် နှိုင်းယှဉ်ပါက တိုတောင်းနေခြင်းကြောင့် ပို့ချမှုကာလနှင့် ဒီပလိုမာပေးအပ်မှု အစီအစဉ်ကို ပြင်ဆင်၍ လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ခြင်းဖြစ်မည်ဟု ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းထားသည့် လေးနှစ်သင် ပညာရေး ဒီဂရီကောလိပ်များအဖြစ်အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေးကို ဒေါက်တာအောင်အောင်မင်း၏ စာတမ်းတွင် ဖော်ပြထားပါတယ်။
Source: 7 Day News