ဆယ်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးရန် ကျန်းမာရေးအရ ကင်းလွတ်ခွင့်တောင်းသည့် ဆရာ၊ ဆရာမများ ဆေးစာ တင်ပြရမည်

ဆယ်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးရန် ကျန်းမာရေးအရ ကင်းလွတ်ခွင့်တောင်းသည့် ဆရာ၊ ဆရာမများ ဆေးစာ တင်ပြရမည်

တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာ စစ်ဆေးမည့် ဆရာ၊ ဆရာမများအနေဖြင့် ကျန်းမာရေးအခြေအနေအရ ကင်းလွတ်ခွင့် တောင်းပါက ဆေးစာတင်ပြရမည်ဖြစ်သည်။

လာမည့် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အဖြေလွှာများကို စစ်ဆေးမည့် ဆရာ၊ ဆရာမများအနေဖြင့် အဖြေလွှာ စစ်ဆေးရန် ကျန်းမာရေးအခြေအနေအရ မသင့်တော်ပါက မြို့ နယ် ကုသ/ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး၏ ဆေးစာပါရှိရမည်ဖြစ်ပြီး အထူးကု/ပြင်ပဆေးခန်းများတွင်ပြသပြီး ရယူလာသော ဆေးစာများကို လက်ခံမည်မဟုတ်ကြောင်း အဖြေလွှာစစ်ဆေးချိန်တွင် ကိုယ်ဝန်ရှိသူ၊ မီးဖွားခွင့်ခံစားနေရသူများကို အဖြေလွှာ စစ်ဆေးခြင်းမှ ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

"ဘာသာရပ်အလိုက် သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေကို ရွေးချယ်ပြီး တာဝန်ပေးမှာဖြစ်တဲ့အတွက် အကြောင်းပြချက် ခိုင်လုံမှု မရှိဘဲအဖြေလွှာ စစ်ဆေးခြင်းကနေ နုတ်ထွက်ခွင့်ပြုမှာမဟုတ်ပါဘူး"ဟု အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အဖြေလွှာစစ်ဆေးခြင်းတွင် ရွေးချယ်ထားပြီးပါက ပြန်လည်ပယ်ဖျက်ရန်အတွက် သတ်မှတ်ထားသော ဆရာ၊ ဆရာမများမှာ မတ် ၃၁ ရက်တွင် အသက် ၅၈ နှစ်ပြည့်ပြီးသူများ မတ် ၃၁ ရက်တွင် အသက် နှစ်နှစ်အောက် ကလေးရှိသူများ၊ ကာယကံရှင် ဆရာမမှလွဲ၍ မည်သည့် တော်စပ်သူ၏ ကျန်းမာရေးအခြေအနေအကြောင်းပြချက်ဖြင့် အဖြေလွှာစစ်ဆေးခြင်းကို မငြင်းပယ်ရန်၊ ခင်ပွန်းနှင့် ဇနီးသည်နှစ်ဦးစလုံးသည် တက္ကသိုလ်ဝင်တန်း ဘာသာရပ်သင်ဖြစ်ပါက တစ်ဦးသာလျှင် အဖြေလွှာစစ်ဆေးရမည်ဖြစ်ကြောင်း အဖြေလွှာစစ်ဆေးချိန်တွင် မင်္ဂလာဆောင်၊ ဘီအီးဒီ တက်ရောက်ရန် ကြိုတင်သွားရောက်ခြင်း စသော အကြောင်းပြချက်များဖြင့် ငြင်းပယ်ခြင်း မပြုလုပ်ရန် ခရီးသွားမည့် အကြောင်းပြချက်ဖြင့် သော်လည်းကောင်း၊ အခြားမည်သည့်အကြောင်းပြချက်ဖြင့်သော်လည်းကောင်း ငြင်းပယ်ခြင်း မပြုလုပ်ရန် အတွက် သတ်မှတ်ထားကြောင်း သိရသည်။

လာမည့် မတ်လတွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ ကိုးသိန်းနီးပါးဖြေဆိုရန် စာရင်းပေးထားသည်။

News Read 2030 times